တောင်ကြီး မြို့နယ်ရှိ ကျေးရွာတွင် စမတ်ကတ်လုပ်ရန် ဖိအားပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာတွင် စမတ်ကတ်ပြုလုပ်ကြရန် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများက ဖိအားပေးထားသည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
အောင်သပြေကျေးရွာရှိ ရပ်ကွက် ၁ မှ ရပ်ကွက် ၄ အတွင်း နေထိုင်သူ အားလုံး လာမည့် ဒီဇင်ဘာလကုန် နောက် ဆုံးထား၍ စမတ်ကတ် ပြုလုပ်ကြရန် အုပ်ချုပ်ရေးမှူး ဦးရှိုးက ညွှန်ကြားထားပြီး တစ်ဦးလျှင် A4 တစ်စောင် ကြေး အတွက် ၁၂,၀၀၀ ကျပ် ကုန်ကျမည်ဟု ဆိုသည်။
ရပ်ကွက်တွင်း နေထိုင်သူ အမျိုးသမီး တစ်ဦးက “ရွေးကောက်ပွဲအတွက် လုပ်ခိုင်းတာ။ အဲ့ဒါ မလဲထားရင် မဲ မပေးရဘူးတဲ့။ ဟုတ်ပြီ ကျမတို့လည်း မဲမပေးတော့ဘူး ပြောတော့လည်း မရဘူးတဲ့။ အသက် ၆၀ ကျော်တွေ တောင်ကြီးအထိ တက်လုပ်နေရတာ တော်တော်ဒုက္ခရောက်ပါတယ်။ မိဘချင်း ကိုယ်ချင်းစာ စေချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် နယ်မြေမှူးလေးဦးက တစ်အိမ် တက်ဆင်း ငွေကြေး ကောက်ခံလျက်ရှိပြီး အချက်အလက် မှားယွင်းသူများက တောင်ကြီးမြို့၊ လဝကရုံးအထိ သွားရောက် ပြင်ဆင်ရသည်ဟု ဆိုသည်။
သို့ဖြစ်ရာ အချက်အလက် မှားယွင်း ဖောင်ဖြည့်သူများမှာ ဒဏ်ငွေ ၅ ထောင်ကျပ်၊ မှတ်ပုံတင်နှင့် စမတ်ကတ် အချက်အလက် မကိုက်ညီသူများမှာ လူအခြေနေပေါ် မူတည်၍ ၂ သောင်းကျပ်၊ ၅ သောင်းကျပ်၊ တစ်သိန်းကျပ်ကျော် စသဖြင့် အသီးသီး ပေးဆောင်နေကြရသည်။
စမတ်ကတ်ပြုလုပ်ခဲ့သူ တစ်ဦးက “ငါးထောင်က ကိုယ်ဖြည့်တဲ့ဖောင်မှာ အောက်ကမြင့် ပိုသွားတာတို့၊ စာလုံး ပေါင်း မှားတာတို့ ဖြစ်တာတွေ အုပ်ကြီးကို ပေးရတာပါ။ ကျန်တဲ့ အချက်လက် မကိုက်ညီတာက တောင်ကြီး ရုံးမှာ ပေးရတာ။ အဲတာက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ လူပေါ်မူတည်တယ်” ဟု ပြောသည်။
စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့က စမတ်ကတ် လဲလှယ်ထားသူများကိုသာ ပြည်ပထွက်ခွင့်ပြုတော့မည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း တောင်ကြီးမြို့နယ်တွင်း အုပ်ချုပ်ရေးမှူးများနှင့် လဝကဝန်ထမ်းများက လာဘ်ပေး လာဘ်ယူ ပြုလုပ်နေကြခြင်း ဖြစ်သည်။
အောင်သပြေကျေးရွာသည် ၆၄၆ လက်နက် တပ်ဆင်ရေးတပ်၊ ၂၂၂ ထောက်ပို့တပ်၊ ၅၉၆ အင်ဂျင်နီယာတပ်၊ ယာဉ်သိုလှောင်ရေးတပ်၊ ပြည်သူ့ဆက်ဆံရေးတပ်၊ တည်းခိုရေးတပ်များနှင့် တစ်ဆက်တည်း တည်ရှိပြီး စစ်ကောင်စီတပ်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မကြာခဏ ဝင်ထွက်လေ့ရှိသည်။
ထို့အပြင် နယ်မြေမှူး စိုင်းညွှန့်ဦး၏ နေအိမ်သည်လည်း ၆၄၆ တပ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး အုပ်ချုပ် ရေးမှူး အဖွဲ့ဝင် အားလုံးမှာ စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံသည့် ကိစ္စများအား တက်ကြွစွာ ဆောင်ရွက် လေ့ရှိသည်။
ဓါတ်ပုံ – အောင်သပြေဘေးက ပြည်ထောင်စုလမ်းမကြီး