ဖိလစ်ပိုင်တွင် အမေရိကန် ဒုံးကျည်ပစ် စနစ်ချထားရန် ဖိလစ်ပိုင်နှင့် အမေရိကန် စဉ်းစားနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။
တောင်တရုတ်ပင်လယ်တွင် နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားမှုများ တင်းမာလာနေစဉ်မှာပင် အမေရိကန်၏ ဒုံးကျည်ပစ်လွှတ်ရေးစနစ်များကို ဖိလစ်ပိုင် ကမ်းခြေတလျောက် ချထားရန် နှစ်နိင်ငံ ဆွေးနွေးနေကြသည်။
ဝါရှင်တန်အခြေစိုက် ဖိလစ်ပိုင် သံအမတ်ကြီး Jose Manuel Romualdez ကတော့ နှစ်နိုင်ငံကြား သဘောတူညီတဲ့ အဆင့်ကို မရောက်သေးဘူးဟု ပြောသည်။
ယခင်နှစ် ဧပြီလအတွင်းက အမေရိကန်၏ တိုင်ဖွန်း (Typhon) ဟု ခေါ်သော တာလတ်ပစ် ဒုံးကျည်စနစ်များကို ဖိလစ်ပိုင် မြောက်ပိုင်းတွင် တပ်ဆင်ခဲ့သည်။ ထိုစနစ်များက စံ ဒုံးကျည် အမှတ်-၆ (Standard Missile-6) နဲ့ တိုမာဟော့ (Tomahawk) မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်တွေကို ပစ်လွှတ်နိုင်သည်။ ထို ဒုံးကျည်ပစ်စင်များ ကိုတော့ ယခင်နှစ်က ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲ စစ်လေ့ကျင့်ရေးတွင် ချထားခဲ့ခြင်း ဖြစ်ပြီး ထိုင်ဝမ်းကျွန်းနှင့် မျက်နှာချင်းဆိုင်တွင် ချထားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်တွင် အမေရိကန် ဒုံးကျည် စနစ်များ ချထားမှုကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ထိုလုပ်ရပ်သည် တရုတ်ပြည်၏ တိုးမြင့်မှုကို ဟန့်တားခြင်းသာဖြစ်ပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် တာလဲ ဖြစ်သည်ဟု တရုတ်က ပြောသည်။
တရုတ်၏ အမေရိကန် ဒုံးကျည်များ ရုတ်သိမ်းရန် တောင်းဆိုချက်ကို ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ဦးဆောင်သည့် အစိုးရ အရာရှိများက ပယ်ချခဲ့သည်။
ဖိလစ်ပိုင် သံအမတ်ကြီး (Jose Manuel Romualdez) ကတော့ အမေရိကန် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံလုံးက (NMESIS Missile Launchers) ဟု ခေါ်သော ဒုံးကျည်ပစ် စနစ်များ တပ်ဆင်ရန် စိတ်ဝင်စားနေသည်ဟု ဆိုသည်။ ယင်းမှာ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများ ဖိလစ်ပိုင်သို့ ပြန်လာခြင်း ဖြစ်သလို မဟာမိတ်ဖြစ်မှု ပြန်လာခြင်းလည်း ဖြစ်သည်ဟု ဖိလစ်ပိုင် သံအမတ်ကြီးက ပြောသည်။