စစ်ကော်မရှင် ဒရုန်းကြောင့် ကျောင်းသား တစ်ဦး အပါ အရပ်သား ၅ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။  

ကချင်ပြည်၊ ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသားတစ်ဦး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဩဂုတ်လ ၁၄ ရက်နေ့ ယနေ့မွန်းလွှဲ ၁ နာရီဝန်းကျင် အချိန်တွင် ဖားကန့်မြို့၊ အေးမြသာယာ အုပ်စုထဲက ရှရော်ခကျေးရွာ အတွင်းရှိ နေအိမ်ခြံဝင်းထဲတွင် ဒရုန်းဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ဖားကန့် ဒေသခံတစ်ဦးက ရှရော်ခရွာထဲ ဒရုန်းဗုံးသီးချတာက စစ်ကောင်စီက လုပ်တာဟုတ်တယ်။ အဲ့ဒီဘက် တစ်ဝိုက်မှာက နှစ်ဖက်တပ်တွေ မျက်နှာချင်းဆိုင်ထားတဲ့ အနေအထားဖြစ်ပေမဲ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်း ဗုံးသီးချတာပေါ့ဗျာဟု ပြောသည်။

ထိခိုက်ဒဏ်ရာ ရသူများထဲပါဝင်သည့် ကျောင်းသားမှာ ဆယ်တန်းကျောင်းသား ဖြစ်သည်။

စစ်ကောင်စီတပ်က ဖားကန့်မြို့ရှိ အရပ်သားများ နေထိုင်သည့် ရပ်ရွာများထဲ ယခုကဲ့သို့ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ထိခိုက်ဒဏ်ရရှိသူများသည် အသက် ၁၆ နှစ် အရွယ် ၁၀ တန်းကျောင်းသား မောင်ထန်ရှမ်းခိုင်၊ ကိုဝင်းနိုင် အသက် ၅၂ နှစ် အရွယ် ကိုဝင်းနိုင်၊ အသက် ၅၆ နှစ်အရွယ် ကိုရဲနိုင်၊ အသက် ၅၇ နှစ်အရွယ် ကိုထူးကျော် နှင့် အသက် ၅၀ နှစ်အရွယ် ကိုတင်ထွဋ် ၅၀ တို့ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာရှိခဲ့သူများနက် နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု နီးစပ်သူ များက ပြောသည်။

အခြား ဖားကန့်ဒေသခံတစ်ဦးက တိုက်ပွဲမရှိဘဲ ပြည်သူလူထုကို အကြောက်တရားပေးသွင်းတဲ့ အနေနဲ့ ရွာထဲ လူစုတဲ့ နေရာတွေကို ဒရော့ဗုံးချတာလို့ ထင်ပါတယ် ဟု စစ်ကောင်စီ၏ လုပ်ရပ်အပေါ် သုံးသပ်ပြောဆိုသည်။

စစ်ကော်မရှင်တပ်နှင့် ရှမ်းနီ အမျိုးသားတပ်မတော် SNA ပူးပေါင်းတပ် စစ်ကြောင်းတို့သည် မေလနောက်ဆုံး အပတ်မှ စတင်ကာ ဖားကန့်မြို့ကို ဝင်ရောက်နိုင်ခဲ့ပြီး မြို့ကို ဝင်ရောက်နိုင်သည့် လမ်းပိုင်းများကိုပါ ထိန်းချုပ် ထားသည့် အပြင် နေရာအချို့ကိုပါ ပြန်လည်နေရာယူထားနိုင်ပြီ ဖြစ်သည်။

အဆိုပါ စစ်ကြောင်းမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေပြီး ရှရော်ခ၊ လုံးခင်း၊ ဆိုင်းတောင်၊ မှောစီစာစသည့် ကျေးရွာများ အပါအဝင် ရွာပေါင်းများစွာက ဒေသခံ အရပ်သား ထောင်နှင့်ချီမှာ ဘေးလွှတ်ရာသို့တွင် တိမ်းရှောင်နေကြရသည်။