ပအိုဝ်းပြည်သူ့စစ် အဖွဲ့ ကျေးရွာများ စီးနင်းပြီး နေအိမ်များ မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။​ြ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။ 

စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့က ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယမန်နေ့ သြဂုတ်၁၃ရက်တွင် ထုတ်ပြန်သည်။ 

အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် စစ်ကြောင်းမှ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာ နှစ်ရွာအား အဓိက ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးနေသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ပြောခွင့်ရ ဗိုလ်မှူးကြီးခွန်ရိန်းယံက ပြောသည်။

သူတို့ အခုမီးရှို့တာကတော့ လောလောဆယ် အဆိုးဆုံး ခံနေရတာ ဒီနောင်ထောဝ် ကုလားလမ်းရွာရယ်၊ အဲ့ဒီ ကယန်းပိုင်းကျေးရွာရယ်ပေါ့နော်။ အဲ့ဒီမှာ ဒီနှစ်ရွာကတော့ မီးရှို့ခံရတာ အဆိုးဆုံး ဖြစ်ပါတယ်။ အခု ဒီနေ့အထိ လည်း မီးရှို့ခံနေရတုန်းပဲ ဖြစ်ပါတယ် ဟု ပြောသည်။

ဆီဆိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာသော စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့တို့ကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

PNLA ၏ သြဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ နောင်ထောဝ်ကျေးရွာရှိ ကယန်းပိုင်းရပ်ကွက်နှင့် နောင် ထောဝ်ကုလားလမ်း ကျေးရွာတို့မှ နေအိမ် ၂၄ လုံးထက်မနည်းကိုလည်း စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စလောင်းထောင်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရ သည်ဟု သိရသည်။

အလားတူ သြဂုတ်လ ၅ ရက်နေ့ မှ ၁၃ ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဘက်မှ အယောက် ၁၀၀ ကျော် ထိခိုက်မှု သေဆုံးခဲ့မှုများ ရှိသည်ဟု PNLA ၏ ထုတ်ပြန်ချက်က ဆိုသည်။

သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်လာခဲ့သော စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ် တို့ကို PNLA အဖွဲ့က ခုခံတိုက်ခိုက်နေသည့်ကြားက အထက်ပါ ကျေးရွာများထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည် ဟု ဗိုလ်မှူးကြီးခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်တွေက အင်အား ၁၀၀၀ ကျော် သုံးပြီးတော့မှ ထိုးစစ်ဆင်လာ တယ်လို့ ကျနော်တို့ သိရတယ်။ အဲ့ဒါကို ကျနော်တို့က ခုခံခဲ့တယ်ပေါ့နော်။ အင်အား အဆမတန်သုံးပြီး ထိုးစစ် ဆင်လာတဲ့ အခါမှာ ကျေးရွာအတွင်းမှာ သူတို့ ဝင်ရောက်နိုင်သွားတဲ့ အခြေအနေဖြစ်ပါတယ် ဟု ပြောသည်။

နှစ်ဖက်ကြား တိုက်ပွဲများအပြင် စစ်တပ်နှင့် PNO ပူးပေါင်းအဖွဲ့တို့၏ မီးရှို့ဖျက်ဆီးနေမှုများကြောင့် ဒေသခံ ပြည်သူ ၂,၀၀၀ ကျော်မှာ နေရပ်မှ စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (PNLA) က ပြောသည်။

လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံ ၂,၀၀၀ ကျော် အတွက် အစားအသောက်၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်များက ပြောသည်။

ယခင်ကလည်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO သည် ဆီဆိုင်မြို့နယ်မှ ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးသည့် အပြင် ဆီဆိုင်မြို့နယ်ထဲက တပူးထိုကျေးရွာကိုလည်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သေးသည်။