ရွေးကောက်ပွဲ အတုအယောင်သာ ဖြစ်ဟု အမျိုးသမီးရေးလှုပ်ရှားသူများကပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် ကြိုး ပမ်းသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
စစ်ကော်မရှင်က ကျင်းပရန် ရည်ရွယ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင် လုပ်ရပ်သာ ဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ အထွေအထွေ အတွင်းရေးမှူး မော်ဒေးမြာက ပြောသည်။
“ရွေးကောက်ပွဲ လုပ်တယ်ဆိုတာက ဒါဒီမိုကရေစီရဲ့ အခြေခံအကျဆုံး အလေ့အထပဲပေါ့နော်။ ဆိုတော့ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်တပ်က ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ နည်းနည်းလေးတော့ ဒီမိုကရေစီ စံနှုန်း မေးခွန်းထုတ်စရာကို ဖြစ်နေတယ်ပေါ့နော်။ ရွေးကောက်ပွဲက ဘယ်လိုပဲ ဟန်ပြလုပ်လုပ်ပေါ့နော် အတု အယောင် ရွေးကောက်ပွဲ ဖြစ်နေအုံးမှာပဲ။ ပြီးတော့ တရားမဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်နေအုံးမှာပဲပေါ့နော်။”ထို့အပြင် ယခုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲမှာ တရားမဝင် ဟုလည်း လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ တွဲဖက် အထွေအထွေ အတွင်းရေးမှူး ဖြစ်သူ ဒေါ်နှင်းနှင်းမွှေးက ပြောသည်။
ဒေါ်နှင်းနှင်းမွှေးက “ဒီရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်။ တရားမဝင် ရွေးကောက်ပွဲ ဖြစ်တယ်။ ဒီမိုကရေစီ စံနှုန်းတွေကို ချိုးဖောက် ဖျက်ဆီးခဲ့တဲ့ သူတွေကနေပြီး ဒီမိုကရေစီ အတုအယောင် အတွက်ကို သူတို့ရဲ့ တရားဝင်မှုအတွက် ကြိုးစားနေတဲ့ ရွေးကောက်ပွဲဖြစ်တယ်” ဟု ပြောသည်။
စစ်ကော်မရှင်က ၎င်းတို့၏ အာဏာတည်မြဲရေး၊ တရားဝင်မှု ရရှိရေးနှင့် နိုင်ငံရေး ထွက်ပေါက်ရရှိရေး အတွက် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ဘူးဟု တော်လှန်ရေး အင်အားစုများက ပြောသည်။
စစ်ကော်မရှင်အနေဖြင့် ဒီမိုကရေစီ စံနှုန်းမှီသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်မည် မဟုတ်ဟု မော်ဒေးမြာက ဆက် ပြောသည်။
“မကြာသေးခင်က သူတို့ ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအသစ်ဆိုတာကလည်း ကိုယ်တိုင်ပေါ့နော် ကိုယ့်ဟာကိုယ် မလိမ့်တပတ်လုပ်ပြီး ရေးထားတဲ့ ဥပဒေ ဆိုတော့ ဘယ်လိုမှ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။ နိုင်ငံတကာက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စံနှုန်းတွေနဲ့လည်း ကိုက်ညီမှာမဟုတ်ဘူး။ အဲ့အတွက် ကြောင့် ရွေးကောက်ပွဲက ဘယ်လိုပဲ ဟန်ပြလုပ်လုပ်ပေါ့နော် အတုအယောင် ရွေးကောက်ပွဲ ဖြစ်နေ အုံးမှာပဲ။ ပြီးတော့ တရားမဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်နေအုံးမှာပဲပေါ့နော်။ ဒီတရားမဝင် အာဏာသိမ်းထားတဲ့ အကြမ်း ဖက်စစ်တပ်က ဘယ်လိုနည်းနဲ့မှ စံနှုန်းမှီတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်ဘူးလို့တော့ ယုံကြည် တယ်ပေါ့နော်။”လက်ရှိ အခြေအနေများအရ နိုင်ငံအနှံ့တွင် နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးထားပြီး လူထု၏ ထောက် ခံအားပေးမှုများ မရှိတော့သည့် အတွက် ၎င်းတို့ မဖြစ်ဖြစ်အောင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲမှာ တရားမဝင်ဘူးဟု တော်လှန်ရေး အင်အားစုများက ထောက်ပြနေကြသည်။
ထို့အတူ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်နိုင်သည့် စစ်ကော်မရှင်ကို အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အသိအမှတ်ပြုထားခြင်း မရှိဘဲ အာဆီယံ အဖွဲ့ အနေဖြင့် ရွေးကောက်ပွဲကို ဦးစားပေးမည် မဟုတ်ကြောင်း ဇူလိုင်လထဲတွင် တရားဝင် ပြောဆိုထားသည်။
အာဆီယံက စစ်အုပ်စု၏ အမည်ခံ ရွေးကောက်ပွဲသည် “ဦးစားပေးကိစ္စ” မဟုတ်သကဲ့သို့ “မည်သည့် ပြဿနာ ကိုမှ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အခြေအနေများကိုသာ ပိုမိုဆိုးရွားလာစေလိမ့်မည်” ဟု ဇူလိုင်လ ၁၁ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး