စောချစ်သူ၏ KNA ကို အမည်ပျက်စာရင်းထည့်သွင်းကာ ပိတ်ဆို့ အရေးယူမှု လုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ကရင်ပြည် အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့မှ ကရင် အမျိုးသား တပ်မတော် (KNA) အဖြစ် ပြောင်းလဲထား သည့် အဖွဲ့အစည်းနှင့် ပတ်သက်သော လူပုဂ္ဂိုလ်များအပြင် လုပ်ငန်းများကို အမေရိကန် နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ဆိုင်ရာ ရုံးက အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ဖြည့်စွက်လိုက်သည်။
အမေရိကန်မှ လူများအား အွန်လိုင်းလိမ်လည်မှု လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် ဆက်စပ် ပတ်သက် နေခြင်းကြောင့် ယခုကဲ့သို့ အရေးယူရခြင်း ဖြစ်သည်ဟု အဆိုပါ ရုံး ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထား သည်။
အရှေ့တောင်အာရှတွင် အခြေစိုက်သော ငွေလိမ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံရှိ လူများကို အွန်လိုင်းမှတဆင့် လိမ်လည်မှုများ တိုးလာနေသည်ဟုလည်း ဆိုသည်။ ၂၀၂၄ ခုနှစ်အတွင်း အနည်းဆုံး ၁၀ ဘီလီယံ လိမ်လည်ခံခဲ့ရ သည်ဟု ဖော်ပြထားသည်။
ထိုင်း- မြန်မာနယ်စပ် ရွှေကုက္ကိုလ်တွင် အခြေစိုက်သည့် အဖွဲ့အစည်းအချို့သည် ငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်နေသည့် အတွက် အရေးယူပိတ်ဆို့မှု စာရင်းတွင် ထပ်မံ ဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။
ရွှေကုက္ကိုလ်တွင် ရှိသော ရတိုင် (Yatai) မြို့သစ်အခြေစိုက် ငွေလိမ်လုပ်ငန်းများကို မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံသား စာရွက်စာတမ်း ကိုင်ဆောင်ထားသည့် တရုတ်လူမျိုး She Zhijiang (ရှီဇီကျန်း) နှင့် KNA အဖွဲ့ ခေါင်းဆောင် စောချစ်သူတို့က တည်ထောင်ထားခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အရေးယူမှု စာရင်းတွင် ထပ်မံ ဖြည့်သွင်းခံရသူများမှာ စောချစ်သူ၏ လက်အောက်တွင် အလုပ်လုပ်နေသော ဦးတင်ဝင်းနှင့် စောမင်းမင်းဦး တို့ ပါဝင်သည်။
ဦးတင်ဝင်းသည် KNA အဖွဲ့မှ ဗိုလ်မှူးအဆင့် ရှိသူဖြစ်ပြီး ဗိုလ်ချစ်သူနှင့် ပတ်သက်သည့် ကုမ္ပဏီ အများအပြား တွင် ဘုတ်အဖွဲ့ဝင် အဖြစ် ပါဝင်သည်ဟု ဆိုသည်။
အရေးယူ ပိတ်ဆို့သည့် အဖွဲ့အစည်းများတွင် ချစ်လင်းမြိုင် ကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီ လီမိတက်၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီ လီမိတက်၊ ရွှေမြင့် သောင်ရင်း စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်၊ ရတိုင် နိုင်ငံတကာ အုပ်စု လီမိတက် တို့ ပါဝင်သည်။
အဓိကအားဖြင့် KNA ခေါင်းဆောင်တစ်ဦး ဖြစ်သူ စောချစ်သူကို ပစ်မှတ်ထား ပိတ်ဆို့ခြင်းလည်း ဖြစ်သည်။
ကမ္ဘောဒီးယား အခြေစိုက် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း အမည်ပျက် စာရင်း ထည့်သွင်းကာ ပိတ်ဆို့ အရေးယူလိုက်သည်။