KIO မှ မြန်မာ-တရုတ် နယ်စပ်ဂိတ် ၇ ခုကို တရုတ်နှင့် ညှိနှိုင်းကာ ပြန်ဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ထိန်းချုပ်ထားသည့် မြန်မာ – တရုတ် နယ်စပ်ဂိတ်အားလုံးကို တရုတ် အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း KIO ဘက်က အတည်ပြုခဲ့ သည်။

KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက နယ်စပ်ဂိတ်ကတော့ ၂၄ ရက်နေ့ ညသန်းခေါင် ၁၂ နာရီ အချိန်မှာ ဖွင့် တယ်လို့ သူတို့က ကျနော်တို့ကို အကြောင်း ကြားလာတယ်။ မန်ဝိန်းကြီးရယ်၊ လွယ်ဂျယ်၊ ကျနော်တို့ လိုင်ဇာ နောက်ပြီးမှ ကန်ပိုင်တီတို့ ပန်ဝါ၊ ဖီမော် အဲ့တကြောလုံး ဖွင့်တာပေါ့။ အားလုံး ဒီနယ်စပ်ဂိတ် တကြောလုံးဖွင့် ပါတယ် ဟု ပြောသည်။

ပြန်လည်ဖွင့်လှစ်လိုက်သည့် ဂိတ်များမှာ လွယ်ဂျယ်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ ကန်ပိုင်တီ၊ မံစီ၊ ပန်ဝါနှင့် ဖီမော် စသည့် အရေးပါသော ဂိတ်များဖြစ်ပြီး၊ အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းကစတင်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဒီလို ဂိတ်တွေ ပြန်ဖွင့်တာဟာ ဒေသခံပြည်သူတွေအတွက် အဓိက လိုအပ်တဲ့ စားသုံးကုန် ပစ္စည်းတွေကို တရုတ်ဘက်ကနေ တင်သွင်းဖို့နဲ့ မြန်မာဘက်က ထွက်ကုန်ဖြစ်တဲ့ ငှက်ပျောအပါအဝင် သီးနှံတွေ ပြန်တင်ပို့ နိုင်ဖို့အတွက် အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု လိုင်ဇာဒေသခံ ကုန်သည်တစ်ဦးက ပြောပြသည်။

လက်ရှိတွင် အဆိုပါ ဂိတ်သုံးခုမှ လူအဝင်အထွက်နှင့် ကုန်စည်သယ်ဆောင်မှုများ စတင်နေပြီ ဖြစ်သည်။

သို့သော်လည်း မြန်မာဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော်လိုသူများအတွက် လိုအပ်သည့် နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထား (Border Pass) ကိစ္စရပ်များကိုမူ နှစ်ဖက် ဆက်လက် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဤသို့ ပြန်လည် ဖွင့်လှစ်နိုင်ခြင်းသည် စစ်ရေးတင်းမာမှုများကြားမှ ဒေသခံများ၏ စီးပွားရေး လည်ပတ်မှုကို တစ်ဖန် ပြန်လည် အသက်သွင်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် လေ့လာသူ အချို့က ရှုမြင်ကြသည်။

အလားတူ စစ်ရေး မတည်ငြိမ်မှုများကြားမှ နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ခဲ့ခြင်းကြောင့် ဒေသခံများအတွက် အဓိက စားသုံးကုန် တင်သွင်းမှုနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြန်လည် တင်ပို့နိုင်ရေး အခွင့်အလမ်းများ ရရှိနိုင်ရေး မျှော်လင့်နေကြသည်။