တပ်ဖွဲ့ ဝင် အမျိုးသမီး တစ်ဦးက စစ်ရှောင်နှင့် တော်လှန်ရေး တပ်များမှ ကျပ် သိန်း ၃၀၀ နီးပါး လိမ်လည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
PNDF-KK တပ်ဖွဲ့ဝင်တစ်ဦးသည် တော်လှန်ရေး အဖွဲ့အစည်း အမည်ခံ၍ စစ်ရှောင်နှင့် ရဲဘော်များထံမှ ကျပ် သိန်း ၃၀၀ နီးပါး လိမ်လည်ထွက်ပြေးသွားသည်။
ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF – KK) မှ တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးသည် တော် လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင် ပြည်သူများထံမှ စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ နီးပါး လိမ်လည် ယူကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း PNDF-KK နှင့် လိမ်လည်ခံရသူများက ပြောသည်။
ကရင်နီ တော်လှန်ရေး ရဲဘော်တစ်ဦးက “သူက တစ်ယောက်တည်း မဟုတ်တဲ့အခါကျတော့ Group နဲ့ရှိတော့ ရှင်းရှင်းပြောရင် ဒါကြားဖြန့်လုပ်တဲ့ပုံစံနဲ့ သွားဆင်တူနေပြီပေါ့နော်။ အကြောင်းမျိုးမျိုး အသနားခံပြီးတော့ လိမ် တယ်။ အဲ့လိုမျိုး လိမ်နည်းပေါင်းစုံပေါ့။ လိမ်ယူပြီဆိုကတည်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ တူတူပဲပေါ့ နော်” ဟု ပြောသည်။
ငွေကြေးလိမ်လည်မှုများကို ကျူးလွန်ခဲ့သူမှာ ရဲဘော်သဲသဲ (ခ) မကေကေဦး ဆိုသူဖြစ်ပြီး၊ ၎င်းအား တပ်ပြေးမှု၊ တပ်ဖွဲ့အမည်အလွဲသုံးစားလုပ်မှု၊ ငွေကြေးလိမ်လည်မှုနှင့် အခြားပြစ်မှုများ ကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် PNDF-KK ဗဟိုစစ်ကော်မရှင်မှ အလိုရှိသူအဖြစ် တရားဝင် ဝရမ်းထုတ်ပြန်ခဲ့သည်။
ရဲဘော်သဲသဲသည် တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ဦးနှင့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် စုစုပေါင်း ၈ ဦးထံမှ ငွေကျပ် သိန်း ၃၀၀ နီးပါးကို နည်းမျိုးစုံဖြင့် လိမ်လည်ယူခဲ့ခြင်းဖြစ်ကြောင်း ကရင်နီ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
လိမ်လည်ခံရသည့် အမှုကိစ္စများထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ရန်ပုံငွေများနှင့် စစ်ဘေးရှောင် ပြည်သူ များ၏ စုဆောင်းငွေများ ပါဝင်ခဲ့ပြီး၊ အချို့ငွေပမာဏများမှာ သိန်းချီရှိကြောင်း လိမ်လည်ခံရသူများနှင့် တော် လှန်ရေး ရဲဘော်များက ပြောသည်။
စီးပွားရေး တွဲဖက်လုပ်ကိုင်နေသူတစ်ဦးထံမှ ၉၃ သိန်း၊ ကလေးဆေးကုသရန် စုထားသည့် တော်လှန်ရေး ရဲဘော်တစ်ဦးထံမှ ၃၀ သိန်းနှင့် ဓာတ်ဆီဝယ်ရောင်းလုပ်သည့် အမျိုးသမီးတစ်ဦးထံမှ ၁၃ သိန်း စသည်ဖြင့် လိမ်လည်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ဆီဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကလည်း “ညီမတို့ ဓာတ်ဆီဝယ်ရောင်းတော့ သူ့အသိ ချယ်ရီကုန်းကားဝပ်ရှော့က သူက ရဲဘော်တွေကို ဈေးသက်သက်သာသာနဲ့ ပေးတာ၊ နင်တို့လိုချင် ငါမှာပေးမယ် တဲ့၊ ငါလည်း အမြတ်နည်းနည်းရတာပေါ့တဲ့ သူ့ဆေးဖိုး ကာမိအောင် ဆိုပြီးပြောတော့ အဲ့ဟာဆို ဝယ်ရောင်း မယ် ဆိုပြီး တစ်ပေပါမှာပေးမယ် ငွေတော့ကြိုလွှဲရမယ်ဆိုပြီး ပြောလို့ လွှဲပေးလိုက်တာ ၁၃ သိန်း၊ ဆီပေပါက ရောက် မလာဘူး” ဟု ပြောသည်။
ရဲဘော်သဲသဲသည် တပ်ဖွဲ့အမည်နှင့် တပ်ဖွဲ့ဝင်ကတ်ပြားကို အလွဲသုံးစားပြုခြင်း၊ စစ်ဘေးရှောင်များအချင်းချင်း စာနာကူညီတတ်မှုကို အသုံးချခြင်း စသည့် မတူညီသည့် လိမ်လည်မှု နည်းလမ်းများဖြင့် ကျူးလွန်ခဲ့ကြောင်း PNDF-KK ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
လက်ရှိတွင် PNDF-KK က ရဲဘော်သဲသဲ၏ ကျူးလွန်မှုများ အားလုံးကို စုံစမ်းဖော်ထုတ်ကာ နစ်နာသူများ အတွက် တရားမျှတမှုရအောင် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း ငွေကြေးလိမ်လည်သူမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု မြေပြင်ရဲဘော်များက ပြောသည်။
ကရင်နီပြည် အတွင်း၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က တော်လှန်ရေး ရဲဘော်ဟန်ဆောင်ကာ လူအယောက် ၆၀ ကျော်ထံမှ ရန်ပုံငွေနှင့် ထောက်ပံ့ကြေးများ လိမ်လည်ယူခဲ့သူ ကိုဆုပြည့်အောင်ကို ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ဤဖြစ်စဉ်များက တော်လှန်ရေးနယ်မြေများအတွင်း ဂိုဏ်းဖွဲ့လိမ်လည်မှုများ တိုးပွားလာနေသည့် အန္တရာယ်ကို မီးမောင်းထိုးပြနေပါသည်။
ဓါတ်ပုံ – ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF – KK)