လိုင်စင်မဲ့ ဆေးကုသမှုဖြင့် မြန်မာနိုင်ငံသား နှစ်ယောက် တိုကျိုမှာ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ရဲတပ်ဖွဲ့သည် လိုင်စင်မရှိဘဲ အလှအပရေးရာ ဆေးကုသမှုများ ပြုလုပ်ခဲ့သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာန၌ ဖော်ပြထားပါသည်။
ဖမ်းဆီးခံရသူများမှာ တိုကျိုမြို့တွင် နေထိုင်ကြသည့် အသက် ၄၁ နှစ်အရွယ် ကိုကြည်ချမ်းကိုနှင့် အသက် ၃၀ အရွယ် စောဝင်းနိုင်တို့ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးသည် ၂၀၂၅ ခုနှစ်၊ မေလမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်း တိုကျိုမြို့ရှိ အဆောက်အအုံနှင့် နေအိမ်တစ်ခုတို့တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအက်ဥပဒေ (Medical Practitioners Act) ကို ချိုးဖောက်ကာ လိုင်စင်မဲ့ ဆေးကုသမှုများ ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိခဲ့ခြင်း ဖြစ်ပါသည်။
၎င်းတို့သည် အသက် ၃၀ ကျော်အရွယ်ရှိ မြန်မာအမျိုးသမီးသုံးဦးအား မျက်တောင်နှစ်ထပ်ဖြစ်စေရန် မျက်ခွံခွဲစိတ်မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် ဆေးထိုးပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အဆိုပါ ခွဲစိတ်မှုခံယူခဲ့သည့် အမျိုးသမီးသုံးဦးမှာ ခွဲစိတ်ပြီးနောက်ပိုင်းတွင် မျက်စိဖွင့်ရန် ခက်ခဲလာသဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ရဲတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားခဲ့ခြင်း ဖြစ်ပါသည်။
စုံစမ်းစစ်ဆေးချက်များအရ ဖမ်းဆီးခံရသူနှစ်ဦးသည် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လူနာများကို ရှာဖွေခဲ့ကြပြီး ခွဲစိတ်ခအဖြစ် အမေရိကန်ဒေါ်လာ ၇၆၀ မှ ၁,၂၀၀ ဝန်းကျင်အထိ တောင်းခံခဲ့သည်ဟု ဆိုသည်။
ခွဲစိတ်မှုခံယူခဲ့သည့် အမျိုးသမီးများမှာ မျက်လုံးအောက်တွင် နီညိုရောင်အမာရွတ်များ ကျန်ရှိနေခြင်းနှင့် အခြားသော နောက်ဆက်တွဲပြဿနာများကြောင့် အဆိုပါခွဲစိတ်မှုကို ခံယူခဲ့မိခြင်းအပေါ် နောင်တရလျက်ရှိကြောင်း ရဲတပ်ဖွဲ့အား ထွက်ဆိုခဲ့ကြပါသည်။