မတ်လအတွင်း သင်္ဘော ၁၀၀ ခန့်သာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်။
အီရန်စစ်ပွဲ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် သွားလာမှု ၉၅ ရာခိုင်နှုန်းခန့် ထိုးကျသွားကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
မတ်လအတွင်း သင်္ဘော ၁၀၀ နီးပါးသာ ဖြတ်သန်းနိုင်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှသင်္ဘော ၅ စင်းမှ ၆ စင်းခန့်သာ သွားလာနိုင်တော့သည်။
အဆိုပါသင်္ဘောများအနက် အီရန်အလံတင်သင်္ဘော ၁၄ စင်း၊ တရုတ်ကုမ္ပဏီပိုင် ၉ စင်းနှင့် အိန္ဒိယသို့ ဦးတည်သည့် သင်္ဘော ၆ စင်း ပါဝင်သည်ဟု BBC သတင်းဌာနက အတည်ပြုသည်။
တိုက်ခိုက်ခံရမည့် အန္တရာယ်ကြောင့် သင်္ဘောများသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်းအစား အီရန်ကမ်းခြေဘက်သို့ ကပ်၍ သွားလာနေရသည်။
ကမ္ဘာ့ရေနံတင်သင်္ဘော ၂၅ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဤရေလက်ကြား၌ သွားလာရေး ခက်ခဲနေခြင်းကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။
ထို့ပြင် အစ္စရေးက အီရန်၏ South Pars ဓာတ်ငွေ့သိုက်ကို တိုက်ခိုက်ခဲ့ခြင်းအား လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အမေရိကန်မဟာမိတ်များ၏ စွမ်းအင်အရင်းအမြစ်များကို တိုက်ခိုက်လာခြင်းကြောင့် ရေနံဈေးနှုန်းမှာ ထပ်မံမြင့်တက်ခဲ့သည်။
တိုက်ခိုက်မှုများကြောင့် ကာတာနိုင်ငံ၏ LNG တင်ပို့မှုမှာလည်း ၁၇ ရာခိုင်နှုန်းအထိ ထိခိုက်လျက်ရှိသည်။