အီရန်ရှိ လျှပ်စစ်ဓါတ်အားပေးစက်များ တိုက်ခိုက်မှု ခေတ္တရွှေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ အပြုသဘောဆောင်သည့် တိုးတက်မှုများရှိနေသဖြင့် အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား တိုက်ခိုက်မည့်အစီအစဉ်ကို ၅ ရက် ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို အာရှ အချိန် ယနေ့မွန်းလွဲပိုင်း နောက်ဆုံးထား၍ ပြန်လည်ဖွင့်လှစ်ပေးရန်၊ ပျက်ကွက်ပါက စစ်ရေးအရ တုံ့ပြန်မည်ဟူသော အမေရိကန်၏ ရာဇသံထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

သို့သော် အီရန်အစိုးရပိုင်မီဒီယာများကမူ ဆွေးနွေးမှုများရှိနေခြင်းကို ငြင်းဆိုထားပြီး သမ္မတထရန့်သည် အီရန်၏တုံ့ပြန်မှုကို စိုးရိမ်သဖြင့် နောက်ဆုတ်သွားခြင်းဖြစ်သည်ဟု တုံ့ပြန်ရေးသားထားသည်။

အခြားတစ်ဖက်တွင်မူ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်ထံမှ ကမ်းလှမ်းချက်များကို ကြားခံနိုင်ငံများမှတစ်ဆင့် လက်ခံရရှိထားပြီး ယင်းအချက်အလက်များကို သုံးသပ်နေကြောင်း CBS သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။ 

လက်ရှိဖြစ်ပွားနေသော ၂၄ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်က အီရန်ပစ်မှတ်ပေါင်း ၉,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂၁၄ ဦး အပါအဝင် လူပေါင်း ၃,၂၀၀ ကျော် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ 

အီရန်နိုင်ငံကလည်း ဟော်မုဇ်ရေလက်ကြားအတွင်း ရေမိုင်းများ အမြောက်အမြား ချထားပြီးဖြစ်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံရပါက ရေလက်ကြားကို လုံးဝပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။