ဟော်မုဇ်ရေလက်ကြားတွင် အီရန် ဂိတ်ဖွင့်မည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်။ 

အီရန်အစိုးရသည် ကမ္ဘာ့ရေနံတင်ပို့မှုတွင် အဓိကကျသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို စတင်ထိန်းချုပ်လာပြီး ဖြတ်သန်းသွားလာသည့် သင်္ဘောများထံမှ “ဂိတ်ကြေး” (Toll Fees) ကောက်ခံသည့်စနစ်ကို စတင်ကျင့်သုံးလျက်ရှိသည်။ 

အဆိုပါရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောများသည် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ထံသို့ အချက်အလက်များ ကြိုတင်တင်ပြရသည့်အပြင် အီရန်ရေပိုင်နက်အတွင်းမှသာ ဖြတ်သန်းသွားလာရသဖြင့် တင်းကျပ်သော စောင့်ကြည့်စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ 

လက်ရှိတွင် အနည်းဆုံး သင်္ဘောနှစ်စင်းသည် ဖြတ်သန်းခကြေးငွေကို တရုတ်ယွမ်ငွေဖြင့် ပေးဆောင်ခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြထားသည်။ 

စစ်ပွဲ၏ရိုက်ခတ်မှုကြောင့် ရေကြောင်းသွားလာမှု ၉၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းသွားသဖြင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် အီရန်အစိုးရထံ ရာဇသံပေးထားသည်။  

နောက်ဆုံးသတ်မှတ်ရက်ကို ဧပြီလ ၆ ရက်နေ့အထိ နောက်ဆုတ်ထားသော်လည်း လိုက်နာခြင်းမရှိပါက အီရန်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲတိုက်ခိုက်မည်ဟု သတိပေးထားသည်။ 

တစ်ဖက်တွင်လည်း အစ္စရေးနိုင်ငံသည် လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာအဖွဲ့အား တိုက်ခိုက်ရန် စစ်သည်အင်အား တိုးမြှင့်စေလွှတ်လျက်ရှိပြီး အီရန်ဘက်မှ ပစ်ခတ်သော ဒုံးကျည်များကိုလည်း ကြားဖြတ်ပစ်ချလျက်ရှိသည်။