ဆာကီယာ စတာမာ ဗြိတိန်ဝန်ကြီးချုပ် နှင့် လေဘာပါတီ ခေါင်းဆောင်ဖြစ်မှ နှုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်။ 

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဆာ ကီယာ စတာမာသည် လေဘာပါတီ ခေါင်းဆောင်အဖြစ်မှလည်းကောင်း၊ ဝန်ကြီးချုပ်အဖြစ်မှလည်းကောင်း နှုတ်ထွက်တော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။ 

အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးရှေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဆာ ကီယာ စတာမာက လာမည့် အထွေထွေရွေးကောက်ပွဲတွင် လေဘာပါတီကို ဦးဆောင်ရန် ၎င်းအနေဖြင့် အသင့်တော်ဆုံး ပုဂ္ဂိုလ်မဟုတ်တော့သည်ကို လက်ခံပါကြောင်းကြေညာခဲ့သည်။ 

ရာထူးမှ ဆင်းပေးရန် ဆုံးဖြတ်ချက်ကို တတိယမြောက် ချားလ်စ်ဘုရင်ထံ အကြောင်းကြားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲများတွင် လေဘာပါတီသည် အမတ်နေရာ ၁,၀၀၀ ကျော်အထိ ဆုံးရှုံးခဲ့ရသည်။ 

၎င်းနောက်ပိုင်းတွင် နိုင်ငံအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို လျင်လျင်မြန်မြန် ဖော်ဆောင်ပေးနိုင်ခြင်း မရှိဟူသော အကြောင်းပြချက်ဖြင့် ပါတီတွင်း လွှတ်တော်အမတ်များ၏ ဖိအားပေးမှုများ ရှိလာခဲ့သောကြောင့် အခုလို ရာထူးမှ ဆင်းပေးခဲ့ရခြင်း ဖြစ်သည်။

ဆာ ကီယာ စတာမာသည် လာမည့် စက်တင်ဘာလ လွှတ်တော်ပြန်လည်မစတင်မီ ဝန်ကြီးချုပ်အသစ်တစ်ဦး ပေါ်ထွက်လာသည့်အချိန်အထိ ဝန်ကြီးချုပ်တာဝန်များကို ယာယီဆက်လက် ထမ်းဆောင်သွားမည်ဖြစ်သည်။ 

လက်ရှိတွင် ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန်ဟောင်း အန်ဒီ ဘန်ဟမ်သည် ဗြိတိန်နိုင်ငံ၏ ဆယ်စုနှစ်တစ်ခုအတွင်း ၇ ဦးမြောက် ဝန်ကြီးချုပ်သစ် ဖြစ်လာရန် အလားအလာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရေပန်းစားလျက်ရှိသည်။