ဖိလစ်ပိုင် အထက်တန်းကျောင်းပစ်ခတ်မှု ၃ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်။ 

ဖိလစ်ပိုင်နိုင်ငံ တက်ကလိုဘန် (Tacloban) မြို့ရှိ အမျိုးသားအထက်တန်းကျောင်းတစ်ခုတွင် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသားလူငယ်နှစ်ဦးသည် တနင်္လာနေ့နံနက်ပိုင်းက ကျောင်းအတွင်းသို့ သေနတ်များနှင့်အတူ ဝင်ရောက်လာခဲ့သည်။ 

၎င်းနောက် အတန်းတွင်းရှိ ကျောင်းသားများကို တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ရုတ်တရက် ပစ်ခတ်ခဲ့ကြသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျောင်းသား ၃ ဦး သေဆုံးခဲ့ရပြီး၊ ကျည်ဆန်ထိမှန်ခြင်းနှင့် လန့်ဖျန့်ထွက်ပြေးရာမှ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၇ ဦးအထိ ရှိခဲ့သည်။ 

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူ လူငယ်နှစ်ဦးသည် ကျောင်းတွင်း၌ အနိုင်ကျင့် (Bully) ခံခဲ့ရသည့်အပေါ် မခံမရပ်နိုင်ဖြစ်ကာ ကာလရှည်ကြာ နာကျည်းနေသည့် အာဃာတကြောင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ယူဆရသည်။

လက်ရှိတွင် သေနတ်သမားလူငယ်နှစ်ဦးစလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သည်။ 

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် (Ferdinand Marcos) နှင့် ပညာရေးဝန်ကြီးဌာနတို့က အထူးဝမ်းနည်းပူဆွေးရပါကြောင်း ထုတ်ပြန်ထားကြသည်။ 

ထို့အပြင် ကျောင်းတွင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများ၊ အနိုင်ကျင့်မှုတိုက်ဖျက်ရေး မူဝါဒများနှင့် ကျောင်းသားများ၏ အပြုအမူ စောင့်ကြည့်မှုစနစ်များကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ပြန်လည်သုံးသပ်သွားမည်ဟု ကြေညာထားသည်။