တနင်္သာရီတိုင်း အတွင်း ကျေးရွာများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်။
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုအတွင်းရှိ ဖာနီကျေးရွာနှင့် လေးမိုင်ကျေးရွာတို့ကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်နှင့် ၉ နာရီတို့တွင် စစ်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် စက်သေနတ်များဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လေကြောင်းမှ မတိုက်ခိုက်မီ ဇွန်လ ၂၁ ရက် ညနေပိုင်းကတည်းက ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်း က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ အသက် ၄၀ ခန့်အရွယ် ဖာနီရွာသားတစ်ဦးက “ဖာနီရွာနဲ့ လေးမိုင်ရွာကို ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကတည်းက ဇဝဲရွာအခြေစိုက်ထားတဲ့ ခမရ ၅၅၆ တပ်ရင်းက လက် နက်ကြီးတွေနဲ့ ပစ်နေတာ၊ အားလုံးဆို ၇ လုံးလောက်ရှိတယ်။ ရွာသားအတော်များများက ရှောင်ပြီး ပုန်းနေကြ ရတာ။ အခုလည်း လေယာဉ်နဲ့ နှစ်ကြိမ်လာပြီး ဗုံးကြဲတာ၊ ထိခိုက်မှုတွေကတော့ ဘာမှမသိရသေးဘူး” ဟု ပြော သည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း အောက်ကင်းအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းဘက်မှ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဖာနီကျေးရွာရှိ ကလေးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သေးသည်။
အလားတူ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ကပ်လျက်ကျေးရွာဖြစ်သော ရွာဟေ့လူကျေးရွာရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာ ၅၀၅ တောင်ကုန်းကိုလည်း ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ရွာဟေ့လူဒေသခံ အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရွာဟေ့လူနယ်စပ်မှာ စစ်တပ်ရဲ့ စခန်းတစ်ခုရှိသေး တယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ကြဲခဲ့ပေမဲ့ တောထဲကျသွားလို့ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ပြောသည်။
၎င်း၏ ပြောပြချက်အရ စစ်တပ်သည် နယ်စပ်ရှိ ရွာဟေ့လူ စစ်တပ်စခန်းနှင့် အနီးတစ်ဝိုက်ကိုသာ ထိန်းချုပ်ထား နိုင်ပြီး၊ ကျန်ကျေးရွာနှင့် နယ်မြေဧရိယာအများစုကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားလျှက် ရှိသည်။
အဆိုပါ ရွာဟေ့လူကျေးရွာသည် ထိုင်းနိုင်ငံ ချွန်ဖော်(န်)ခရိုင် (Chumphon) နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်ဗျူဟာမြောက်ဒေသဖြစ်ပြီး၊ လက်ရှိတွင် စစ်တပ်ဘက်က နယ်စပ်စခန်းများ လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူကို အလွန်အကျွံ အသုံးပြုလာနေခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။