ရွှေအတုနှင့် အစစ်လဲသူ မြန်မာအမျိုးသမီး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်။ 

ထိုင်းနိုင်ငံအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးအစစ်ကို အတုဖြင့် လဲလှယ်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Pattaya News သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါ ဖြစ်စဉ်သည် ဘန်ကောက်မြို့မှ တစ်နာရီခန့် ခရီးကွာဝေးသော ချွန်ပူရီခရိုင်ရှိ “ဘွန်ချိုင်း ယာဝရတ်” ရွှေဆိုင်တွင် ဇွန်လ ၂၂ ရက် တနင်္လာနေ့ ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရွှေဆိုင်ပိုင်ရှင်၏ ပြောပြချက်အရ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး ရွှေထည်ပစ္စည်းများကို ကြည့်ရှုလိုဟန်ဆောင်ကာ အလေးချိန် ၁ မတ်သားခန့်ရှိသည့် ရွှေဆွဲကြိုးကို အတန်ကြာအောင် ကြည့်ရှုစစ်ဆေးပြီးနောက် ဆိုင်ပြင်ပသို့ ခဏတာ ထွက်ခွာသွားခဲ့သည်။ 

ထို့နောက် ဆိုင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး အဆိုပါ ရွှေဆွဲကြိုးကိုပင် ထပ်မံကြည့်ရှုခွင့် တောင်းခံခဲ့သည်။

၎င်းအမျိုးသမီးသည် ရွှေဆွဲကြိုးကို ၂ မိနစ်မှ ၃ မိနစ်ခန့်အထိ ကိုင်တွယ်ကြည့်ရှုပြီးနောက် ငွေထုတ်ပြီးမှ ပြန်လာဝယ်မည်ဟု ပြောဆိုကာ ဆွဲကြိုးကို ဆိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သည်။ 

သို့သော် ထိုအချိန်တွင် ဆိုင်ရှင်ဖြစ်သူက အမျိုးသမီး ပြန်လည်ပေးအပ်သည့် ဆွဲကြိုးမှာ အရည်အသွေးနိမ့် ရွှေအတုဖြစ်နေသည်ကို သတိပြုမိသွားခဲ့သည်။ 

ဆိုင်ရှင်သည် အမျိုးသမီး ဆိုင်ပြင်ပသို့ မထွက်ခွာမီ ပြန်လည်ခေါ်ယူကာ ၎င်း၏ အခြားလက်တစ်ဖက်ကို စစ်ဆေးခဲ့ရာတွင် ရွှေဆွဲကြိုးအစစ်ကို ဝှက်ထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ဆိုင်တံခါးကို ချက်ချင်းပိတ်၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြား ဖမ်းဆီးစေခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသမီးကို ထိန်းသိမ်းထားပြီး ခိုးယူရန် ကြံစည်မှုဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။