တရုတ်နှင့် ဆက်ဆံရေး ကောင်းလာပြီဟု အိန္ဒိယ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်။
အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် တဖြည်းဖြည်းချင်း ပုံမှန်အခြေအနေသို့ ပြန်လည်ဦးတည်လာနေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပလျက်ရှိသည့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ အစည်းအဝေးပြင်ပတွင် အိန္ဒိယနှင့် တရုတ် ထိပ်တန်းအရာရှိကြီးများ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဇွန်လ ၂၂ ရက် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အာဂျစ် ဒိုဗယ်လ် (Ajit Doval) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့သည် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများကို အပြုသဘောဆောင်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က နယ်စပ်ဒေသ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုများ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှစတင်ကာ ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံးအနေဖြင့် အပြန်အလှန် အဓိကအကျိုးစီးပွားများကို လေးစားရန်နှင့် ထိရှလွယ်သည့် ကိစ္စရပ်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် ပြောကြားခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေစိုးမိုးရေးနှင့် မီဒီယာကဏ္ဍ ဖလှယ်မှုများကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံ ဆွေးနွေးပွဲယန္တရားများကို ပြန်လည်စတင်ရန် တိုက်တွန်းပြောကြားသွားခဲ့သည်။