ဗင်နီဇွဲလားတွင် နှစ်ထပ်ဆင့် အားပြင်းငလျင် လှုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ဗင်နီဇွဲလားနိုင်ငံမှာ နှစ်ထပ်ဆင့် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး ပြည်သူတွေအကြား ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ပွားနေကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဗင်နီဇွဲလားနိုင်ငံရဲ့ ဒေသတစ်ခုထဲမှာတင် ရစ်ခ်တာစကေး ၇.၂ နဲ့ ၇.၅ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်နှစ်ကြိမ် ၃၉ စက္ကန့်သာခြားပြီး နှစ်ဆင့်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။
အဲဒီ အင်အားပြင်းငလျင်တွေကြောင့် မြို့တော် ကာရာကတ်စ် (Caracas) မှာရှိတဲ့ ပြည်သူတွေဟာ ထိတ်လန့်တုန်လှုပ်ပြီး လမ်းမတွေပေါ်သို့ အလုအယက် ပြေးထွက်ခဲ့ကြရပါတယ်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက ငလျင်ကြောင့် အဆောက်အအုံအချို့ ပြိုကျပျက်စီးပြီး အမိုးအကာတွေ ကြွေကျမှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဘေးကင်းလုံခြုံရေးအတွက် အဆောက်အအုံအတော်များများရဲ့ ဂတ်စ်လိုင်းတွေကို ဖြတ်တောက်ထားကြောင်း ပြောကြားခဲ့ပေမဲ့ လက်ရှိအချိန်အထိ သေဆုံးသူရှိမရှိကိုတော့ မသိရသေးပါဘူး။
မြို့တော် အာလ်တာမီရာ (Altamira) ရပ်ကွက်မှာဆိုရင် ၂၂ ထပ်ရှိတဲ့ အဆောက်အအုံကြီးတစ်လုံးလုံး ပြိုကျပျက်စီးသွားခဲ့ပြီး စေတနာ့ဝန်ထမ်းတွေက အပျက်အစီးပုံတွေကြားထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်း ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာ (Bogota) အထိပါ ပြင်းထန်စွာ ခံစားခဲ့ရပြီး သတိပေးဥသြသံတွေ ထွက်ပေါ်လာခဲ့သလို ဒေသခံတွေလည်း အဆောက်အအုံတွေထဲကနေ ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ကိုလံဘီယာ ငလျင်တိုင်းတာရေးဗဟိုဌာနကတော့ အခုငလျင်အပြီးမှာ နောက်ဆက်တွဲငလျင် (Aftershocks) တွေ ထပ်မံလှုပ်ခတ်နိုင်တယ်လို့ သတိပေးထားပြီး၊ ကိုလံဘီယာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နဲ့ အမေရိကန် ဆူနာမီသတိပေးစင်တာတို့ကတော့ ဆူနာမီဖြစ်ပွားနိုင်ခြေမရှိကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။