ဧရာဝတီ ရှေ့တန်းတွင် တပ်ပြေး များပြားလာသဖြင့် လိုက်ဖမ်းနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့နှင့် ရခိုင်နယ်စပ်တိုက်ပွဲများ ပြင်းထန်လာသောကြောင့် စစ်တပ်ဘက်တွင် အကျအဆုံးများပြားနေပြီး၊ စစ်ဗိုလ်အသစ်များအပါအဝင် တပ်ဖွဲ့ ဝင်များ ထွက်ပြေးမှု ဆက်တိုက်ရှိလာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
သာပေါင်းမြို့နယ် ရိုးမတောအတွင်း အခြေစိုက်ထားသော စစ်တပ်စခန်းများမှ စစ်ဗိုလ်များနှင့် တပ်သားများသည် စစ်ရှိန်ပြင်းထန်မှုကြောင့် ထွက်ပြေးလျက်ရှိရာ စစ်တပ်ဘက်က လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက သာပေါင်းမြို့နယ် ဘုရားကြီးနှင့် မရမ်းချိုသစ်ထုတ်လုပ်ရေးကုန်းဘက်တို့တွင် ပြန်လည် ဖမ်းဆီးမိသည့် အရာရှိနှင့် စစ်ပြေးအချို့ကို မိခင်တပ်ရင်းများသို့ ပြန်မပို့တော့ဘဲ ပုသိမ်မြို့အခြေစိုက် အနောက် တောင်တိုင်း စစ်ဌာနချုပ် (နတခ) ရှိ အချုပ်ခန်းများ၌ ချုပ်နှောင်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
သာပေါင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ခုက “စစ်မှုထမ်းတပ်သားသစ်တွေ ဧရာဝတီ-ရခိုင်ရိုးမ အစပ် တိုက်ပွဲတွေမှာ ထွက်ပြေးနေတာတော့ ရှိပါတယ်။ ဒါပေမယ့် အခုလပိုင်းတွေမှာ ပိုများလာသလို စစ်ဗိုလ်အသစ် တွေပါ ပါလာတယ်။ ရိက္ခာပြတ်တာတွေ၊ အကျအဆုံးများတာတွေကြောင့် ထွက်ပြေးကြတာလို့ သိရတယ်။” ဟု ပြောသည်။
သူက “တပ်တွင်းမှာ တချို့အရာရှိနဲ့ စစ်ဗိုလ်ကြား သဘောထားကွဲလွဲတာတွေလည်း ကြားရတယ်။ သာပေါင်းမြို့နယ် ဘုရားကြီး၊ မရမ်းချို သစ်ထုတ်လုပ်ရေးကုန်းဘက်တွေမှာ အခုရက်ပိုင်း စစ်ပြေးတွေကို စစ်တပ်က ပြန် ဖမ်းမိ တာမနည်းဘူး။ အရာရှိတချို့ ပါပါတယ်။ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကို တိုက်ရိုက် ပို့နေတယ်” ဟု ဆက်ပြောသည်။
လက်ရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်တပ်၏ စစ်ဗိုလ်၊ အရာခံဗိုလ်နှင့် တပ်သားများအကြား အချင်းချင်း စိတ်ဝမ်းကွဲမှုများကြောင့် ခိုက်ရန်ဖြစ်ပွားမှုအချို့ပါ ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ရေကြည်မြို့နယ်၊ ကမ်းဘားကြီးအနီးရှိ ရွာသစ်ကလေးကျေးရွာတွင် တပ်စွဲထား သည့် ခြေမြန်တပ်ရင်း (ခမရ) မှ တပ်သားအချင်းချင်း ရန်ဖြစ်ရာမှ သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြ သဖြင့် နှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။
ထို့ပြင် ရခိုင်ရိုးမအစပ်ရှိ ပေါက်တူးကျေးရွာဘက်မှတစ်ဆင့် သာပေါင်းမြို့နယ် ဘုရားကြီးနှင့် မရမ်းချို သစ်ထုတ် လုပ်ရေးကုန်းဘက်သို့ စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို စက်လှေ များဖြင့် ပုသိမ်မြို့ရှိ ကုတင် (၃၀၀) ဆန့် စစ်ဆေးရုံ (မဆရ-၄) သို့ အရေးပေါ် သယ်ယူပို့ဆောင်နေရသည်။
လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ် တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် စစ်သားများကိုလည်း စစ်ကားများ ဖြင့် ပုသိမ် မဆရ (၄) သို့ ပို့ဆောင်ခဲ့ပြီး၊ ဒဏ်ရာပြင်းထန်၍ ကုသရန် မဖြစ်နိုင်တော့သည့် စစ်သားများကို ရန်ကုန် မြို့ရှိ စစ်ဆေးရုံကြီးသို့ လွှဲပြောင်းကာ မိသားစုဝင်များထံ အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ရေကြည်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်ရှိ စစ်ရေးအရ အရေးပါသော ကာကင်းကုန်းအချို့ကို သိမ်းပိုက်ထားပြီး လေးမျက်နှာမြို့နယ် အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ထိန်းချုပ်ထားသည်။
စစ်တပ်ဘက်ကမူ ၎င်းတို့ လက်လွှတ်ထားရသော နေရာများအနီးတွင် နောက်ထပ်စစ်စခန်းများ ပြင်ဆင်ခုခံနေ ပြီး ရေကြည်၊ လေးမျက်နှာနှင့် သာပေါင်းမြို့နယ်တို့တွင် အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။