ကနေဒါကို ဥရောပသမဂ္ဂ (EU) မိတ်ဖက်အဖွဲ့ဝင် ဖြစ်ရေး ပြင်သစ်သမ္မတ ထောက်ခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ကနေဒါနိုင်ငံအား ဥရောပသမဂ္ဂ (EU) ၏ ပထမဦးဆုံး မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ (Associate Member) အဖြစ် ပါဝင်လာရေး ကြိုးပမ်းမှုကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကနေဒါနိုင်ငံ၌ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ကနေဒါဝန်ကြီးချုပ် မာခ် ကာနီ (Mark Carney) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံမှုအတွင်း နည်းပညာ၊ ကာကွယ်ရေး၊ စွမ်းအင်နှင့် စီးပွားရေးကဏ္ဍတို့၌ နှစ်နိုင်ငံကြား ရင်းနှီးသော မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။
အထူးသဖြင့် အာကာသနည်းပညာနှင့် ကာကွယ်ရေးကဏ္ဍတို့တွင် အခြေခံအဆောက်အအုံများကို ပူးတွဲအသုံးပြုရန်နှင့် စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တင်းမာလာချိန်တွင် ကနေဒါနိုင်ငံအနေဖြင့် ဥရောပဘက်သို့ ဦးလှည့်လာခြင်းဖြစ်ပြီး၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါ လေယန် ကလည်း ကနေဒါကို EU ၏ မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန် လွန်ခဲ့သည့် ရက်ပိုင်းက အဆိုပြုထားသည်။
ကနေဒါဝန်ကြီးချုပ် မာခ် ကာနီ ကလည်း ဥရောပနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ခြင်းသည် ကနေဒါနိုင်ငံအတွက် ရွေးချယ်စရာ လမ်းကြောင်းသစ်များ ရရှိစေမည်ဖြစ်သကဲ့သို့ ဘက်ပေါင်းစုံမှ စီးပွားရေးအရ ဖိအားပေး ခြိမ်းခြောက်ခံရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။