စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို အင်အားသုံး စီးနင်း၊ ဆရာတော်၊ သံဃာ တစ်ပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွား။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးတွင် ကျောင်းထိုင်ဆရာတော် တပါး၊ ခန်းနေသံဃာတပါးနှင့် ကျောင်းတွင် ရှိနေသူ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ် က အင်အား သုံးဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာ အကြားရှိ ကြယ်တောင် ဘုန်းတော်ကြီးက သံဃာ တော်များနှင့် အမျိုးသား ၃ ဦးတို့ကို တော်လှန်ရေးတွင် ပါဝင်သူများနှင့် ဆက်နွယ်မှုရှိသည်ဟု ဆိုကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။

“ကျောင်းမှာရှိတဲ့ ကပ္ပိယနဲ့ ကျောင်းအိပ် ကျောင်းစား အားလုံးကို စစ်ဆေးပြီး ဖမ်းလိုက်တာ။ အလှူရှင်တွေ စု ပေါင်းလှူထားတဲ့ ကားကိုလည်း သိမ်းယူသွားတဲ့အပြင် သူတို့လိုချင်တဲ့ ပစ္စည်းတွေပါ ကားပေါ် တင်ပြီး ယူသွား ခဲ့တာ” ဟု အသက် ၅၀ ခန့်အရွယ် ညင်းမော်ရွာသား တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကြယ်တောင်ကျောင်းထိုင်ဆရာတော် ဦးပညောဘာသမ နှင့် ခန်းနေသံဃာ ဦးနန္ဒ ဝရ အပါအဝင် ဘုန်းကြီးကျောင်းသားများဖြစ်သည့် မောင်ဝင်းထက်၊ မောင်နေတိုး၊ အစ္စလန်တို့ ၃ ဦး အား ဝင် ရောက်ဖမ်းဆီးပြီးနောက် ကျောင်းအတွင်းရှိ ပစ္စည်းအချို့ကိုလည်း ယူဆောင်သွားခဲ့သည်။

ဒိုင်နာကား ၁ စီး၊ မြေတင်ကား ၂ စီး၊ ဗီဂိုးကား ၂ စီးတို့ဖြင့် စစ်သား အယောက် ၁၀၀ ခန့်သည် ထားဝယ်ဘက်မှ ဆင်းလာပြီးနောက် လောင်းလုံး-ထားဝယ် လမ်းတလျှောက်ကို ကင်းချပြီးမှ ဘုန်းကြီးကျောင်းဝင်း အတွင်း အင်အား ၅၀ ခန့်က ဝင်ရောက်လာပြီးနောက် ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က ဝင်ရောက် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကြယ်တောင်ဘုန်းကြီးကျောင်း သည် PDF များကို အဆောင် လက်ဖွဲ့များ ပြုလုပ်ပေးနေပြီး၊ နောက်ကွယ်မှ စစ်ကောင်စီ၏ လှုပ်ရှားမှု သတင်းများပေးပို့နေသည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန် သတင်း တစ်ပုဒ် ဖေါ်ပြခံရပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီတပ်က အင်အားသုံး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီး ရှာဖွေမှုများ ပြုလုပ်ပြီးနောက် နံနက် ၇ နာရီ အချိန်ခန့်တွင် ဆရာတော် အပါအဝင် ဖမ်းဆီးထားသူများကို ခေါ်ဆောင်၍ ထားဝယ်မြို့ဘက်သို့ ပြန်လည် ထွက် ခွာသွားသည် ဟု ကြယ်တောင်ဘုန်းကြီးကျောင်းနှင့် နီးစပ်သူများက ပြောသည်။

ဓါတ်ပုံ – ကျောင်းထိုင်ဆရာတော် ဦးပညောဘာသမ နှင့် ခန်းနေသံဃာ ဦးနန္ဒဝရ တို့၏ ပုံ။