မြောင်းမြ NLD အမတ် ၂ ဦး ထောင်ဒဏ် ၂၆ နှစ် ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်က ဒီချုပ် အမတ်နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ် ချလိုက်သည်ဟု နီးစပ်သူများက ပြောသည်။

မြောင်းမြခရိုင် အတွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ကို စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂၆ နှစ် ချလိုက်ခြင်း ဖြစ်သည်။

“သူတို့ကို လေးကေကော်မှာ ဖမ်းမိသွားတာ။ တစ်နှစ် အကြာမှာ ထောင်ချလိုက်တာ။ လက်ရှိမှာတော့ မြဝတီ အချုပ်မှာရှိနေတယ်။ ဘယ်ထောင်ကို ပြောင်းရမယ်ဆိုတာ မသိရသေးဘူး။ အမိန့်ချပြီးတာ လေးရက်လောက် ရှိ နေပြီ“ ဟု ထောင် ၂၆ နှစ်ကျသွားသည့် သူ ၂ ဦး၏ မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အသက် ၃၀ ကျော်ရှိ ကိုဝေလင်းအောင် နှင့် မြောင်းမြ၊ အိမ် မဲ၊ ဝါးခယ်မြို့နယ်တို့၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီခရိုင် တရားရုံးက အမိန့်ချလိုက်ခြင်း ဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ကိုဝေလင်းအောင် နှင့် ဒေါက်တာ ပြည့်ဖြိုးတို့ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများ ဖြစ်သည့် ပုဒ်မ ၅၂-က အတွက် ၄ နှစ်၊ ၅၀-က အတွက် ၁၁ နှစ်၊ ၅၀-ည အတွက် ၁၁ နှစ်၊ ရာဇသတ်ကြီး ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂ အတွက် ၂၀ နှစ် စုစုပေါင်း ၄၆ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်များကို တပေါင်းတည်းကျခံရန် စစ်ကောင်စီ၏ တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် ၂၆ နှစ်ဟု ဆုံးဖြတ်ခဲ့သည်ကြောင်း မိသားစုဝင်များက ပြောသည်။

“ပြည်သူတွေ အနိုင်ရမှ သူတို့ပြန်လွတ်မှာ။ လက်ရှိအခြေအနေမှာ ထောင်ထဲက အခက်အခဲကို ဖြတ်သန်းနိုင် လိမ့်မယ် မျှော်လင့်တယ်” ဟု အဖမ်းခံရသည့် သူတို့၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဝေလင်းအောင် နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ကို ဖမ်းခေါ်သွားပြီး ပထမ ၃ လအတွင်းက စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် ကျန်းမာရေး ချို့တဲ့ခဲ့ပြီး လက်ရှိ အချိန်တွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်အချို့က ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဧရာဝတီတိုင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြ သည့် ဦးသန်းထွဋ်အောင်၊ ဦးသိန်းထွန်းနှင့် ဦးအောင်အောင်ဦးတို့ကိုလည်း နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂၊ နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က တို့နှင့် ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ပါသေးသည်။

မဲခိုးသည်ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည် ကျင်းပရန် ပြင် ဆင်နေသော်လည်း ပြည်သူထောက်ခံမှု ကြီးမားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ၏ ခေါင်း ဆောင်များကို ဖမ်းဆီး ထောင်ချနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာကလည်း ဝေဖန်ထောက်ပြ လျှက်ရှိသည်။