ထောင်အဓိကရုဏ်းတွင် သေဆုံးသူ ကိုဝေယံဖြိုး၏ ရက်လည်ကို နေအိမ်တွင် ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
ပုသိမ်အကျဥ်းထောင် အတွင်း အဓိကရုဏ်းဖြစ်စဥ် သေဆုံးသွားခဲ့သည့် နိုင်ငံရေးအကျဥ်းသား ကိုဝေယံဖြိုး၏
ရက်လည်ကို ၎င်း၏ မိသားစုနေထိုင်ရာ ချောင်းသာကမ်းခြေနေအိမ်တွင် ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။
ဇန္နဝါရီလ ၆ ရက်နေ့က ထောင်တွင်း အဓိကရုဏ်းတွင် ကိုဝေယံဖြိုး သေဆုံးခဲ့သည်ကို ထောင်အာဏာပိုင်များက မိသားစုအား အကြောင်းကြားခဲ့သော်လည်း အလောင်း မရရှိခဲ့သလို သင်္ဂြိုလ် ခွင့်လည်းမရခဲ့ဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
မိသာစုဝင်များနှင့် နီးစပ်သူတစ်ဦးက “အလောင်းကို အဝေးကပဲ ကြည့်ခွင့်ရတယ်။ သူတို့ စစ်သားနဲ့ ရဲတွေကပဲ သင်္ဂြိုလ် လိုက်ကြတာ။ အရိုးပြာတော့ ရခဲ့တယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၆ ရက်နေ့တွင် သေဆုံးခဲ့သဖြင့် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ၇ ရက်ပြည့်ပြီ ဖြစ်၍ ထုံးတမ်းစဥ်လာအရ ရက်လည်ဆွမ်းသွတ်ကို ပြုလုပ်ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦး က ပြောသည်။
မိသားစုနှင့် နီးစပ်သူတစ်ဦးက “မြေချ မလုပ်လိုက်ရတဲ့ အတွက် မြေချနဲ့ ရက်လည်ကို ပေါင်းပြီးလုပ်တာပါ။ ဘုန်း ကြီးငါးပါး ပင့်ပြီး ဆွမ်းကျွေး တယ်။ လူတွေကိုလည်း ကျွေးတာပေါ့။ အကျဥ်းရုံးပြီး လုပ်တာမဟုတ်ပါ ဘူး” ဟု ပြောသည်။
ထောင်အတွင်း အဓိကရုဏ်းမဖြစ်မှီ ဇန္နဝါရီလ ၅ ရက်နေ့ညက အကျဉ်းထောင် အာဏာပိုင်များမှ ခေါ်ထုတ်သွား ခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၈ ဦးထဲမှ ၇ ဦးကို မူလနေရာသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကိုဝင်းမင်းထက် (ခ) မဲကြီးမှာ ဇန္နဝါရီလ ၁၁ ရက်နေ့ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု နိုငံရေးအကျဥ်းသားများ အသိုင်းအဝိုင်းထံမှ သိရသည်။
အသက် ၆၅ နှစ်ကျော်ခန့် ဒေသခံတစ်ဦးက “မဲကြီးရဲ့ မိန်းမကိုလဲ စစ်သားနဲ့ရဲတွေက လာပြီးဖမ်းတာ ဖုန်းကိုထောင်ထဲသွင်းလို့တဲ့ မတွေ့လို့အဖမ်းမခံရပေမဲ့ ထွက်ပြေးနေရတယ် တစ်ပူပေါ်နှစ်ပူဆင့်ပေါ့” ဟု ဆိုသည်။
ထောင်တွင်းညှင်းပမ်း နှိပ်စက်ခံရသည့် နိုင်ငံရေး အကျဥ်းသား ကိုဝင်းထွန်းနိုင် (ခ) ခေါလေး၏ ဇနီးမစန္ဒာအေး ကိုလည်း အကျဥ်းထောင်အတွင်းသို့ တားမြစ်ပစ္စည်းများ တင်သွင်းမှု အကျဥ်းထောင် ဥပဒေ ပုဒ်မ-၄၂ ဖြင့် ဖမ်းဆီး အမှုဖွင့် အရေးယူထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ပုသိမ်အကျဥ်းထောင် အဓိကရုဏ်း ဖြစ်စဥ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေး အကျဉ်းသား ကိုဝေယံဖြိုး (ခ) ရာစု ကျဆုံးခဲ့ပြီး ၉ ဦး အသက်အန္တရာယ်စိုးရိမ်ရကာ ၁၃ ဦးလည်း စိုးရိမ်ဒဏ်ရာ များ ရရှိခဲ့သဖြင့် ပုသိမ်မြို့ ၉ ထပ် ဆေးရုံသစ်ကြီးတွင် ကုသနေရသည်။
အဆိုပါ အဓိကရုဏ်းအတွင်း စုစုပေါင်း အကျဉ်းသားပေါင်း ၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အကျဥ်းဦးစီး ဌာ နနှင့် နီးစပ်သူများက ဆိုသည်။
ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့သောကြောင့် ပုသိမ်အကျဥ်းထောင်တွင် ထောင်ဝင်စာ ပေးပို့ခြင်းကို ရက် အကန့်အသတ် မရှိ ပိတ်ပင်ထားခြင်းကြောင်း အကျဥ်းသားများ စားသောက်ရေး အခက်အခဲ ဖြစ်နေကြသည်ဟု အကျဥ်းထောင် ဝန်ထမ်းများနှင့် နီးစပ်သူများ က ပြောသည်။