ချစ်သည်၊ လွမ်းသည် (သို့သော်) ပြန်မလိုချင်ပြီ
သူရိန်ရေးသည်။
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။
အဲ့ဒီနေ့က နံနက်စောစော (၅) နာရီအချိန်တွင် မော်တော်ဆိုင်ကယ်တစ်စီး၊ မနိုင်မနင်းဖြင့် သစ်ဂျပိုးခေါက်များ အပြည့်ဖြည့်ထားသည့် အထုပ်နှစ်ထုပ်ကို ဆိုင်ကယ်အရှေ့ဂွကြားတွင် တစ်ထုပ်၊ အနောက်တွင် တစ်ထုပ်စီဖြင့် မြို့နှင့် (၁၂) မိုင်ခန့်ဝေးသည့် တောင်ပေါ်ရွာကလေးမှ မိန်းကလေးတစ်ဦး ဆိုင်ကယ် တစ်စီးဖြင့် ဆင်းလာခဲ့သည်။
လမ်းခုလတ် တစ်နေရာတွင် အဖော်အကူညီမရှိဘဲ မိန်းကလေးတစ်ယောက်တည်း တိမ်းမှောက်နေသည့် ဆိုင် ကယ်ကို ပြန်ထူကာ ပြုတ်ကျနေသည့် သစ်ဂျပိုးအထုတ်ကြီးများကို မနိုင်မနင်းဖြင့် ပြန်တင်နေသူမှာ လိုည် ဟု ခေါ်သည့် တောင်ပေါ်သူ တအာင်း အမျိုးသမီး တစ်ဦး ဖြစ်သည်။
လိုည်သည် မိဘနှစ်ပါးနှင့် မွေးချင်းမောင်နှမ ခြောက်ဦး၊ စုစုပေါင်း မိသားစုဝင် ရှစ်ဦးနှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိသော တောင်ပေါ်ရွာကလေးတစ်ရွာတွင် နေထိုင်သည်။ ၎င်းရွာတွင် သစ်ဂျပိုးခေါက် ရောင်း ဝယ်ရေးလုပ်ငန်းကို မိသားစုနှင့်အတူ လုပ်ကိုင်လျက်ရှိသည်။
“ရွာမှာနေတုန်းက လယ်လုပ်တယ်၊ သစ်ဂျပိုးအခေါက် ဝယ်ရောင်းလုပ်တယ်။ ရွာမှာ သူများ တောတွေထဲကနေ ရှာလာတဲ့ သစ်ဂျပိုးအခေါက်တွေကို အစိမ်းဝယ်ပြီးတော့ ခြောက်အောင် နေပူလှန်းပြီး မြို့မှာတက် ရောင်းတာ ပေါ့။ အဆင်တော့ပြေပါတယ်” ဟု သူမကပြောသည်။
သို့သော်လည်း ဘဝသည် ချိုတစ်လှည့် ခါးတစ်လှည့်ဆိုသလိုမျိုး လိုည်လည်း ကြမ်းတမ်းသည့် လောကဓံကို ခံရ ဖို့ အကြောင်းဖန်လာကာ မိသားစုအတွင်း ပြဿနာကြောင့် အိမ်နှင့် ဝေးရာကို ထွက်သွားဖို့ ဖြစ်လာခဲ့ပါသည်။
“ကိုယ့်ကို ခဏခဏ ထွက်သွားဖို့ပြောနေတော့ နေရတာ မပျော်တော့ဘူး။ နေချင်တဲ့စိတ်လည်း မရှိတော့ဘူး။ စားရတာလည်း မမြိန်တော့ဘူး။ အဲ့ကြောင့်မို့ ထွက်သွားဖို့ပဲ ဆုံးဖြတ်ခဲ့လိုက်တယ်။”
အိမ်ပေါ်မှ ဆင်းလာသည့် လိုည်လို မိန်းကလေး တစ်ဦးအတွက် လောကကြီးသည် သူမ ထင်မှတ်ထားသကဲ့သို့ လွယ်ကူခဲ့ခြင်း မရှိခဲ့ပေ။
“အိမ်ကနေ ထွက်လာတုန်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပိုက်ဆံတစ်သောင်းခွဲပဲ ရှိတယ်။ ကံကောင်း ချင်တော့ အသိတစ်ယောက်က သနားလို့ဆိုပြီး မြို့မှာရှိတဲ့ သူငယ်ချင်းအိမ် အထိ လိုက်ပို့ပေးတယ်။”
သူမရောက်ရှိနေသည့် မြို့မှ ဆိုင်တစ်ခုတွင် အလုပ်လုပ်ရင်း သူ့ဘဝ ပိုမိုတိုးတက်ရန် လမ်းစကို စတင်ရှာဖွေ ဖြစ်လာခဲ့သည်။
“ဆိုင်တစ်ခုမှာ တစ်လ ရှစ်သောင်းနဲ့ လခစားဝင် လုပ်တယ်။ ဝင်ငွေက အရမ်းနည်းတော့ အဆင်မပြေလို့ အဲ့က နေထွက်ပြီး ရထားတဲ့ ရှစ်သောင်းနဲ့ အိမ်ငှားတယ်။ တရုတ်ကျောင်းတက်တယ်။”
တစ်ယောက်တည်း ရုန်းကန်နေရသည့် လိုည်လိုမိန်းကလေး တစ်ယောက်အတွက် ထင်သလောက်တော့ မလွယ် ကူခဲ့ပေ။ သို့သော် သူမသည် ကြုံတွေ့ခဲ့ရသည့် အခက်ခဲများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့ပါသည်။
“အဲ့တုန်းက သူငယ်ချင်းကလည်း ကူညီပေးတယ်။ ကိုယ်က ညနေပိုင်းလောက်ဆို အကင်ရောင်းတယ်။ နေ့ လယ်ပိုင်းကျတော့ တရုတ်စာသင်ယူတာပေါ့။”
လပိုင်းအနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် လိုည်တစ်ယောက် တဖြည်းဖြည်းချင်းအိမ်နှင့် ပိုပြီး အလှမ်း ဝေးသည့် တာချီလိတ်မြို့သို့ အလုပ်လုပ်ရန် အသိ သူငယ်ချင်း အဆက်အသွယ်တစ်ခုဖြင့် ထွက်ခဲ့သည်။
“အဲ့ကိုရောက်တော့ သူ့ဖုန်းကို ဆက်ကြည့်တာ ဖုန်းတွေ အကုန်ပိတ်ထားတယ်။ ဘာအဆက်သွယ်မှ မရတော့ ဘူး။ ကိုယ်ကလည်း တာချီလိတ်ကို ပထမဦးဆုံး ရောက်တာ အသိလည်းတစ်ယောက်မှ မရှိဘူး။”
အဆိုးထဲက အကောင်းဆိုသည့်စကားအရ သူမနှင့်အတူ ကားတစ်စီးတည်း လိုက်ပါလာသူများ၏ အကူညီဖြင့် သူမအတွက် ကျောတစ်ခင်းစာနှင့် ဝမ်းတစ်ထွာစာအတွက် အကူအညီ ရခဲ့သည်။
လိုည် က “အဲ့ဒါနဲ့ ထိုင်းဖက်ကို သွားမယ့် ကားပေါ်ပါလာသူတွေနဲ့ သူတို့တည်းမဲ့ ဘုန်းကြီးကျောင်းကို လိုက်သွား လိုက်တယ်။ ကံကောင်းချင်တော့ အဲ့ကျောင်းက ကျွန်မအရင်က ကျောင်းတက်ခဲ့တဲ့ မန္တလေးက ဖောင်တော်ဦး ပရဟိတကျောင်းရဲ့ ကျောင်းခွဲတစ်ခုဖြစ်နေတယ်။ အလုပ်မရခင်အထိ အဲ့မှာနေရင်း စာခဏဝင်ပြကူပေး ဖြစ်တယ်” ဟု ပြောသည်။
ထို့နောက် ကျားဖြန့် (လူလိမ်ဂိုဏ်း) တွင် ဘာသာပြန် တစ်ဦးဖြစ်လာသူ လိုည်နေ့တစ်နေ့တွင် သူမ မမျှော်လင့်ထားသည့် သတင်းကောင်းတစ်ခုကို သူမ၏ အသိမိတ်ဆွေတစ်ဦးမှ သယ်ဆောင် လာပေးခဲ့သည်။
ထိုသတင်းသည် ကျားဖြန့်ဟုခေါ်သည့် လုပ်ငန်းတစ်ခုမှ အလုပ်ခေါ်စာ လျှောက်လွှာဖြင့် ဘာသာပြန် တစ်ဦး အဖြစ် အလုပ်ဝင်လုပ် ဖြစ်ခဲ့သည်။ ၎င်းလုပ်ငန်းသည် လူလိမ်ဂိုဏ်းဟု အမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသည်။
“ကျွန်မ လုပ်ရတာကတော့ ကျွန်မက ကျားဖြန့် (လိမ်လည်ခြင်းအလုပ်)တော့ မလုပ်ရဘူး။ ဘာသာပြန်ပဲ လုပ်ရ တယ်။ သူတို့ နိုင်ငံခြားသားတွေနဲ့ ပြောတဲ့ဟာတွေ ဘာသာပြန်ပေးရတာ။ တရုတ်တွေက အင်္ဂလိပ်စကား မရ တော့လေ။ တချို့ သူတို့မသိတဲ့ စကားလုံးတွေကို တရုတ်လို ပြန်ရေးပေးရတာပေါ့။”
လိုည် သည် သူမနေ့စဉ် အလုပ်လုပ်နေသည့် လုပ်ငန်းခွင်အကြောင်းကိုလည်း ယခုကဲ့သို့ ပြောသည်။
“ဘာတွေ ဘာသာပြန်ပေးရလဲ ဆိုတော့ နေ့စဉ်ထမင်းစား ရေသောက်တွေပေါ့၊ ပြီးတော့ဘယ်မှာ နေတာလဲတို့ ပေါ့။ ခင်လာပြီးနောက်မှပဲ အလုပ်အကြောင်းတွေ ပြောကြတယ်။ သူတို့ကုမ္ပဏီမှာ ရှယ်ယာဝင်မလား၊ လုပ်မလားပေါ့။”
ကျားဖြန့် လုပ်ငန်းများသည် အခြေအနေအပေါ် မူတည်၍ သားကောင်များကို တစ်နိုင်ငံပြီး တစ်နိုင်ငံ ပြောင်းကာ လိမ်လည်ကြသည်။ တစ်လလျှင် တစ်ကြိမ် ပြောင်းလေ့ရှိသော်လည်း အချို့မှာ ရက် ၂၀ ခန့်ဖြင့် ပြောင်းသွားခြင်း မျိုးလည်း ရှိသည်ဟု လိုည် က ပြောသည်။
“သူတို့က စကားပြောကြည့်တယ်။ အခြေနေမကောင်းဘူး။ လိမ်လို့မရလောက်ဘူး ဆိုရင် နောက်နိုင်ငံ တစ်နိုင်ငံ ကို ပြောင်းကြတယ်။ အများစုကတော့ အမေရိကန်၊ ဂျပန်တို့ပေါ့ အာရှကတော့ သူတို့ သိပ်မပြောကြဘူး။ အာရှ က ဒီအလုပ်အကြောင်းကို သိကြတာလည်း ပါတာပေါ့။ တရုတ်နိုင်ငံလည်းပါတယ်။ သူတို့တရုတ် အချင်းချင်း လည်း လိမ်တာပဲ။”
၎င်းကျားဖြန့် လုပ်ငန်းတွင် အုပ်စုငါးစုခွဲပြီး အလုပ်လုပ်ကြပါသည်ဟု သူမက ဆက်ပြောသည်။
“အဲ့ထဲမှာ စကားပြန်လုပ်တဲ့အဖွဲ့ရယ်၊ ကျားဖြန်လိမ်တဲ့အဖွဲ့ရယ်၊ အိုင်တီအဖွဲ့ရယ် နောက်ပြီး ငွေတွေဝင်လာပြီ ဆို တာနဲ့ ငွေတွေ လွဲပြောင်းမယ့် အဖွဲ့ သပ်သပ်ရှိသေးတယ်။ နောက်ပြီးတော့ ဆော့ဝဲလ် ပြဿနာတွေ ဖြေရှင်း ပေးဖို့ အဖွဲ့တို့လည်းရှိတယ်။”
လိမ်လည်မှုများတွင် သတ်မှတ်သားကောင်များနှင့် ချိတ်ဆက်နိုင်ရန် နိုင်ငံအလိုက်ပေါ် မူတည်ပြီး ၎င်းနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ယက်ဆော့ဝဲလ်များကို အသုံးပြုလေ့ရှိသည်။
ကျားဖြန့်လုပ်ငန်းတွင် ဘာသာပြန်နေသူ လိုည် က “ဆော့ဝဲလ်တွေကတော့ အများစု တယ်လီဂရမ်၊ ဝီချက် အဲ့ တာတွေသုံးကြတယ်။ ဦးတည်တဲ့နိုင်ငံအလိုက် သူတို့ဆော့ဝဲလ်တွေ လိုက်သုံးကြတယ်” ဟု ပြောသည်။
ကျားဖြန့် ကုမ္ပဏီသည် လူလိမ်ဂိုဏ်းဟု လူအများသိထားကြသလို တစ်ဖက်တွင်လည်း လူ့အခွင့်အရေး ချိုး ဖောက်မှု မတရားနှိပ်စက်မှုတို့ ဖြင့်လည်း ကျော်ကြားလျက်ရှိသည်။ ၎င်းလူလိမ်ဂိုဏ်းတွင် အလုပ်လုပ်နေသည့် လိုည် တစ်ယောက် သူမ၏ အတွေ့ကြုံများကို ယခုကဲ့သို့ ဆက်ပြော သည်။
“ကျွန်မတို့နေတဲ့ နေရာမှာတော့ နှိပ်စက်တာမတွေ့မိဘူး။ တချို့နေရာတွေမှာတော့ ရှိမှာပါ။ သူဌေးပေါ် လည်း မူတည်တာပေါ့။ ဒါပေမယ့် အဲ့လိုနှိပ်စက်ခံရသူ အများစုကတော့ တရုတ်တွေပဲ။”
ကျားဖြန့် လုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများ အပါအဝင် လူဦးရေ ၄၀၀၊ ၅၀၀ ခန့် ဖြင့် လည်ပတ်နေသည်။ သူမ အလုပ်လုပ်နေစဉ် ကာလအတွင်း မြန်မာပြည်သားများကို နှိပ်စက်နေခြင်းမျိုး မတွေ့ခဲ့ရဘူးဟု သူကပြောသည်။
ရိုက်နှက်နှိပ်စက်မှုများမှာ လူအများသိထားသည့် အတိုင်း အလုပ်ကောင်းမွန်စွာ မလုပ်နိုင်၍ နှိပ်စက်ခံမှုမျိုး မဟုတ်ဘဲ သတ်မှတ်စည်းကမ်းများကို ချိုးဖောက်မှသာ နှိပ်စက်ခံရလေ့ရှိသည်ဟု သူမက ပြောသည်။
“အဲ့လိုလုပ်တာကလည်း သတ်မှတ်ထားတဲ့ အလုပ်အတိုင်း မလုပ်နိုင်လို့ မဟုတ်ဘူး။ ထွက်ပြေးလို့ နှိပ်စက် ခံရ တာ။ သတ်မှတ်ထားတဲ့ အတိုင်း အလုပ်မပြီးလို့ နှိပ်စက်တာတော့ မတွေ့ပါဘူး။ ဒိုက်ထိုးခိုင်းတာတွေတော့ ရှိတယ်။”
ကျားဖြန့် လုပ်ငန်းများသည် မြေနေရာ အကျယ်တစ်ခုအတွင်း အဆောက်အအုံများ ဆောက်လုပ်ပြီး လုံခြုံရေး အပြည့်ချထားကာ ထိုနေရာတွင် အလုပ်လုပ်ကြရသည်။ ဝန်ထမ်းများသည် ၎င်းဝင်းအတွင်းမှ အပြင်သို့ အလွယ် တကူ ဝင်ထွက်သွားလာခြင်းကို စည်းကမ်းတင်းကြပ်ထားသည်။
တရုတ်လူမျိုး ဝန်ထမ်းများသည် အပြင်သို့ ထွက်ခြင်းကို ကန့်သတ်ခြင်း ခံထားရသည်။
“ကျွန်မတို့ အပြင်ထွက်ချင်ရင်တော့ ကဒ်ပြားပေးထားတာ ရှိတယ်။ ဒါပေမယ့် မနက်ဖြန် ထွက်မယ်ဆိုရင် ည ကတည်းက ကြိုပြောရတာတော့ ရှိတယ်။ တစ်လကို ဘယ်နှစ်ကြိမ်ထွက်ရမယ်တော့ သတ်မှတ်ထားတာ ရှိ တယ်။ ချွင်းချက်အနေနဲ့ အရေးကြီးရင်တော့ ထွက်ခွင့်ရပါတယ်။”
တရုတ်နိုင်ငံသားများ အနေဖြင့် အပြင်သို့ ထွက်ခွင့် မရှိသည့်အတွက် လုပ်ငန်းခွင်အတွင်းတွင် ၎င်းတို့အတွက် ကုမ္ပဏီမှ သီးသန့် စီစဉ်ပေးထားလေ့ ရှိသည်။
“ဝန်းအကျယ်ကြီးထဲမှာပေါ့ အဲ့ထဲမှာ ကာရာအိုကေ၊ အနှိပ်ခန်းတို့ကော နေဖို့၊ စားဖို့ လိုအပ်တာ အကုန်ရှိတယ်။ ဒါပေမယ့် တရုတ်တွေတော့ အပြင်ကို ထွက်လို့မရဘူးပေါ့။”
အလုပ်ချိန်များမှာ ည ၁၀ နာရီမှ နောက်နေ့ နံနက် ၁၀ နာရီ အချိန်ထိ အလုပ်လုပ်ကြရပြီး ကြားတွင် ထမင်းစား နားချိန် နှစ်ကြိမ်ခွင့်ပြုထားသည်။
လုပ်ငန်းခွင်အတွင်း “ဟိုတယ်ခန်းတွေလိုပါပဲ။ ရေချိုးခန်းအိမ်သာအပါပေါ့။ အမျိုးသားနဲ့ အမျိုးသမီးအခန်း တော့ ခွဲထားတယ်။ ထမင်းဟင်းတွေ ကျွေးပါတယ်။ ဟင်းကောင်းတွေ ကျွေးပါတယ်။ တရုတ်ဆိုတော့ အများ အားဖြင့် ဝက်သားပေါ့” ဟု လိုည် က ပြော ပြောသည်။
ကျားဖြန့်လုပ်ငန်းသည် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေပြီး အလုပ်သမားဝန်ထမ်းများ အနှိပ်စက်ခံ ဘဝ များဖြင့် အလုပ်လုပ်နေရသော လုပ်ငန်းဖြစ်ကာ အများစုက လူ့ပြည်က ငရဲခန်းဟု ထင်မှတ်ထားကြသော်လည်း လိုည် အတွက်တော့ အစစအရာရာ အဆင်ပြေစေခြင်းမှာ သူဌေးကောင်းသောကြောင့် ဟု ဆိုသည်။
လိုည် က “အဓိကတော့ သူဌေးကောင်းဖို့လိုပါတယ်” ဟု သူကပြောသည်။
နာမည်ဆိုးနှင့် ကျော်ကြားနေသည့် လုပ်ငန်းခွင်းမှန်းသိaomfnvf; အလုပ်ဝင်လုပ်ဖြစ်ခဲ့သည့် အကြောင်းအရင်း များ သူမတွင် ရှိနေသည်။
“ဘာလို့အဲ့မှာ လုပ်ချင်တာလဲဆိုတော့ ပထမတစ်ချက်က လခများလို့၊ ဒုတိယတစ်ချက်က ကိုယ်တတ်ထားတဲ့ တရုတ်စကား ပိုကျွမ်းအောင်လို့၊ နောက်တစ်ချက်က အတွေ့ကြုံတွေအများ ကြီးရအောင်လို့။”
အရာ အားလုံးအဆင်ပြေနေခဲ့သော်လည်း သိပ်မကြာခင် အချိန်လေးမှာဘဲ သူမအလုပ်လုပ်သည့် ကုမ္ပဏီမှာ မက္ကာအို ဆိုသောနိုင်ငံသို့ ပြောင်းရွှေ့သွားပြီး သူမကတော့ မြန်မာနိုင်ငံတွင် အခြားအလုပ်တစ်ခုကို ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။
“သူဌေးက အဲ့ဖက်မှာ အလုပ်လိုက် လုပ်မလားလို့တော့ မေးတယ်။ ကိုယ့်နိုင်ငံမဟုတ်တော့ ကိုယ်ဒုက္ခရောက်ရင် ကူမယ့် သူမရှိဘူးလေ။ အဲ့ကြောင့်မလိုက် ဖြစ်တော့ဘူး။”
၎င်းလုပ်ငန်းတွင် သူမလုပ်ကိုင်ခဲ့ချိန် ကာလအတွင်း တစ်လလျှင် ဘတ်နှစ်သောင်း (မြန်မာငွေ သိန်း ၂၀) ခန့် ရရှိ သည်။ အိမ်မိသားစုများထံ ငွေပို့နိုင်ခဲ့ပြီး တစ်ဆက်တည်းမှာဘဲ အချိန်အကြာကြီး မိဘနှင့် အဆက်အသွယ် မလုပ်ဘဲ တစ်ယောက် တည်း ဖြတ်သန်းနေသည့် သူမ၏ မိဘများနှင့် ပြန်လည် ဆက်သွယ်လာနိုင်ခဲ့သည်။
ထို့ကြောင့် သူမရရှိသည့် ဝင်ငွေများမှာ သူမ၏ အိမ်အပြန်လမ်းကို ပိုမို နီးစပ်စေခဲ့ပါသည်။
“အလုပ်ဝင်ပြီးရလာတဲ့ ပိုက်ဆံတွေကို အိမ်ကိုပို့တယ်။ ပြီးတော့ အရင်က ကူညီခဲ့တဲ့လူတွေကို နည်းနည်းပါးပါး ကန်တော့ဖြစ်တယ်။ အဲ့ချိန်ကစပြီး အိမ်နဲ့ အဆက်သွယ် ပြန်လုပ် စကားပြန်ပြော ဖြစ်လာတယ်။”
သို့သော်လည်း အိမ်နှင့် မိသားစုကို လွမ်းသည့် စိတ်ကြောင့် လိုည်တစ်ယောက် အိမ်ပြန်ချင်ခဲ့သော်လည်း အတိတ်ဆိုးက စိတ်ဒဏ်ရာများက သူမအတွက် အိမ်ပြန်ရန် တွန့်ဆုတ်နေစေသည်။
လက်ရှိအချိန်တွင် လိုည် တစ်ယောက် သူမချစ်သော မိသားစုနှင့် အဝေးတစ်နေရာတွင် သူမစိတ်ဝင်စားပြီး ဝါသနာပါသည့် လုပ်ငန်းတွင် လုပ်ကိုင်နေနိင်ပြီ ဖြစ်ပါသည်။
“အခုကတော့ အပြင် အလုပ်လုပ်ရင်း စက်ချုပ်သင်နေတယ်။ ပြီးရင် ဒီဇိုင်နာ သင်တန်းတက်မယ်။ တအာင်း ရိုးရာ အဆင်တွေနဲ့ မင်္ဂလာဆောင် ဝတ်စုံချုပ်တာတို့ ဆန်းသစ်တီထွင်တာမျိုးတို့ လုပ်ချင်တယ်။”
တစ်ချိန်က လယ်ယာလုပ်ငန်းဖြင့် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ရသူ လိုည် ကဲ့သို့သော မိန်းကလေးတစ်ဦး မှာ မိသားစု အခက်ခဲ၊ အိမ်တွင်း ပြဿနာများကြောင့် အိမ်နှင့် ဝေးရာကို ထွက်လာခဲ့ရင်း သူမစိတ်ဝင်စားသည့် အလုပ်တစ်ခုဖြင့် ဘဝကို ဆက်လက်ရှင်သန်နေသည်။
လိုည်သည် ဆင်းရဲနွမ်းပါးပြီး ခက်ခဲကြမ်းတမ်းသည့် တောင်သူဘဝမှ ယခုချိန်တွင် သူမဘဝ တိုးတက်ရန်နှင့် ကိုယ်တိုင်ရပ်တည်နိုင်ရန် သူမတွင် မျှော်မှန်းချက်တစ်ခုရှိနေသေးသည်။
“ဒီထက် ပိုက်ဆံပိုရှိလာရင်တော့ အရည်သွေးကောင်းပြီး အဆင့်တစ်ခုရှိတဲ့ တအာင်းအဆင်တွေ ထုတ်လုပ် တာ မျိုး လုပ်ချင်တယ်။”