ပဲခူး ရိုးမနေ ဒေသခံ ၉၀၀ ခန့် စစ်ရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပဲခူးရိုးမပေါ်တွင် နေထိုင်ကြသော သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများပါဝင်သည့် အရပ်သား ၉၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ ပဲခူးရိုးမပေါ်ရှိ အရပ်သားများသည် နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေရကြသည်ဟု ဒေသခံ စစ်ရှောင်များက ပြောသည်။

ပဲခူးရိုးမပေါ်ရှိ ဟိုင်းရူး၊ ပျဉ်းကတိုင်းခင်း၊ ဝါးယား၊ ဟိုင်းရူးလမ်းပေါက်၊ ဗိုလ်ရုံ စသည့်ကျေးရွာများ အပါအဝင် တောင်ယာများအတွင်း နေထိုင်ကြသော အရပ်သားများသည် နီးစပ်ရာ ကျေးရွာများသို့ ပြောင်းရွှေ့ နေထိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြောင်းရွှေ့ နေထိုင်‌နေရသော အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာကို စစ်တပ်က လာ ဖယ်ခိုင်းတယ်။ သုံးရက် အချိန်ပေးမယ်ပြောတယ်။ မဖယ်ရင်မီးရှို့မယ် ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတော့ တောင်ယာတွေ ဒီတိုင်းထားခဲ့ပြီး ပြေးရတယ်။ တချို့အိမ်တွေမှာဆို အသက်ကြီးပိုင်းတွေ ကျန်ခဲ့တယ်။ ၄-၅ ယောက်လောက် ရှိမယ်။ သားသမီးတွေ ပြေးရတော့ သူတို့ပဲ ကျန်ခဲ့တာ။ ဘယ်သူက ထမင်းချက်ကျွေး မလဲ။ အခု‌လောက်ဆို ‌အစာငတ်ပြီး သေကုန်ကြမှာပါပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ ခါချဉ်တောင်စခန်းကို ဒေသကာကွယ်ရေးတပ်များက မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကူလိုက်သည့် စစ်ကောင်စီ ယာဉ်တန်းကိုလည်း ဒေသကာကွယ်ရေးတပ်များက ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။

ခါချဉ်တောင် သစ်တောဂိတ် မီးရှို့ခံရပြီး စစ်ကောင်စီတပ်မှ ကားများ၊ အမြောက်တင်ယာဉ်များ တက်လာပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံ ကရင်အမျိုးသမီး တစ်ဦးက ပြောသည်။

“ရွာကလမ်းနဲ့ နီးတယ်။ ကျမတို့လည်း ကြောက်တော့ မနေရဲဘူး။ ပြေးလာရတာ အိမ်ကဆိတ်တွေ ကြက်တွေ အကုန်ကျန်ခဲ့တယ်။ လူလုံးထွက်လာရတာတွေ ဘာမှမပါလာဘူး။ စားစရာမရှိ နေစရာမရှိနဲ့ ရေရှည် ဘယ်လို လုပ်ရမှန်း မသိဘူး” ဟု ပြောသည်။

နှစ်ဘက် စစ်ရေးတင်းမာမှုများ ပိုမိုဖြစ်လာနေကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း စစ်ဆင်ရေး နယ်မြေ အတွင်း လုံးဝမသွားလာကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ အမှတ် ၂ စစ်ဒေသခွဲက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

၁၉၇၀ ခုနှစ် နောက်ပိုင်း သေနတ်သံများ၊ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိတော့သည့် ပဲခူးတိုင်း အနောက်ခြမ်း ပဲခူးရိုးမပေါ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။