စာသင်ပေးမည်ဆိုကာ ခေါ်ဆောင်သွားသော ကလေးများကို ပြည်သူ့စစ် စခန်းအတွင်း ချုပ်နှောင်ထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ထဲက ကလေးငယ်များကို မန်ပန်ပြည်သူ့စစ်အဖွဲ့က ကလေးများကို စာသင်ပေးမည်ဟု ဆိုကာ အတင်းအဓမ္မ လာခေါ်သွားခဲ့ပြီးနောက် ပြည်သူ့စစ် စခန်းအတွင်း ချုပ်နှောင်ထားသည်ဟု ဒေသခံများက ပြောသည်။
စာသင်ပေးရန် ခေါ်သွားသော ကလေးများကို လက်ရှိတွင် လာရှိုးမြို့နယ် အမှတ် ၂ ရဲစခန်းနားက ပြည်သူ့စစ် စခန်းထဲမှာ ချုပ်ထားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
တန့်ယန်းမြို့၊ ပါဖန်အုပ်စု၊ မန်လောင်အုပ်စုနှင့် နမ့်ကုန်အုပ်စုထဲက အသက် ၅ နှစ်မှ အသက် ၁၅ နှစ်ကြား ကလေး ၃၄ ဦးကို စာသင်ပေးမည်ဟုဆိုကာ ဖမ်းဆီးခေါ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ခေါ်ဆောင်သွားတဲ့သူက မန်ပန်ပြည်သူ့စစ် ခေါင်းဆောင် ဖြစ်တယ်။ အဲ့ဒီ ၃၄ ယောက်က တစ်ခါထဲ ခေါ်ဆောင် ခံရတယ်။ သူတို့က စာစောင်နဲ့ ဘယ်နေ့ဘယ်ရက်မှာ သူတို့ဆီ လာပို့ပေးဆိုပြီး စာပို့လာတာမျိုးပါ။ အဲ့ဒါ မပို့ပေး တဲ့ သူတွေရဲ့ ကလေးကို သူတို့က (ပြည်သူ့စစ်) အဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့ အတင်းလာခေါ်သွားတယ်။ တချို့ မိဘတွေက သူတို့ ကလေးကို ပေးမသွားချင်ဘူး ငိုပြီးတောင်းပန်တာတောင် မရဘူး။”
ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ၅ လခန့်ရှိလာပြီ ဖြစ်သော်လည်း မိဘများထံ ပြန်ခွင့် မပေးသလို အပြင်လည်း ထွက်ခွင့်မပေးဘူးဟု ဆိုသည်။ မိဘများနှင့်လည်း တွေ့ခွင့်မပေးဘူးဟု ဆိုကြသည်။
ဒေသခံ ရပ်မိရပ်ဖတစ်ဦးက “သူတို့က (ပြည်သူ့စစ်အဖွဲ့က) ကလေးတွေခေါ်ပြီး ပြည်သူ့စစ်ထဲ ဝင်ခိုင်းတာ။ တစ်ခါခေါ်ရင် ၃၀-၄၀ လောက် ရှိတယ်။ တချို့ငွေကြေးရှိတဲ့ မိဘတွေက သူတို့ကလေးတွေကို ဖမ်းခေါ်ခံရမှာ စိုးရိမ်လို့ တန့်ယန်းမြို့ထဲ ပြောင်းလာနေကြတယ်။ နောက်ပြီး တချို့ရွာမှာတော့ မိသားစုမှာ သားနှစ်ယောက် သုံးယောက်ရှိရင် တစ်ယောက်က အဲ့မှာဝင်ရတယ်” ဟု ပြောသည်။
ယခု ဖမ်းဆီးခံထားရသူ ကလေး ၃၄ ယောက်အနက် အများစုမှာ ‘ဝ’ လူမျိုးများဖြစ်ကြပြီး ရှမ်းလူမျိုး ကလေး ငယ် ၃ ဦးလည်း ပါဝင်သည်ဟု ဆိုကြသည်။
အဆိုပါ ပါဖန်အုပ်စု၊ မန်လောင်အုပ်စုနှင့် နမ့်ကုန်အုပ်စုထဲက ကလေး ၃၄ ဦးကို ယခုနှစ် မေလထဲတွင် ပြည်သူ့ စစ်တပ်ဖွဲ့က စာသင်မည်ဆိုသော ခေါင်းစဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
လက်ရှိတွင် ကလေးများကို ချုပ်ထားပြီး တစ်နေ့ကို ၂ နာရီခန့်သာ စာသင်ကြားပေးနေသည်ဟု ဆိုကြသည်။
ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် မန်ပန်ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်းမြို့ပေါ်ရပ်ကွက်ထဲ လုံခြုံရေး အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကလည်း ပြည်သူများအား ဖမ်းဆီးကာ တပ်သားသစ်စုဆောင်းမှုများ လုပ်ခဲ့သေးသည်။
အလားတူ ၂၀၁၅ – ၂၀၁၆ ခုနှစ်ကလည်း မန်ပန်ပြည်သူ့စစ်အဖွဲ့က ခေါ်ဆောင်သွားသည့် ကလေးငယ်များမှာ ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်သွားသည်ကို တွေ့ရပြီး အချို့ကလေးများမူ ယနေ့အချိန်ထိ ပြန်မတွေ့တော့ဘဲ ပျောက်ဆုံးသွားသည်ဟု တန့်ယန်းဒေသခံများက ဆိုသည်။
ယခုနှစ် မေလက ကလေးငယ် ၃၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသော မန်ပန်ပြည်သူ့စစ်အဖွဲ့သည် လဲချားမြို့နယ် မန်ပန်ကျေးရွာ နှင့် နမ့်ဟူးဖလားထမ်တွင် လှုပ်ရှားသွားလာနေသည့်အပြင် လားရှိုးခရိုင် တန့်ယန်းမြို့တွင် လည်း အခြေစိုက်လှုပ်ရှားနေသော ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။