ကရင်နီ စစ်ရှောင်များ ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် အမိုးအကာများ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

ကရင်နီပြည်က စစ်ဘေးရှောင်များသည် စစ်ရှောင်ရသည့် ရက်ကြာလာသည်နှင့်အမျှ အခြေခံ စားနပ်ရိက္ခာ များ၊ ဆေးဝါးနှင့် သောက်သုံးရေအပြင် နေထိုင်စရာအတွက် အမိုးအကာ၊ အခင်း၊ တဲများ လိုအပ်နေကြ သည်။

ကရင်နှင့် ကရင်နီနယ်စပ်၊ ရှမ်းနှင့် ကရင်နီနယ်စပ်အပြင် ကရင်နီပြည် တောတောင်များထဲက စစ်ရှောင်များ အတွက် လိုအပ်မှုများက နေ့စဉ်ဘဝအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်ဟု ကူညီပေးနေသူများက ပြော သည်။

ကယောလူငယ် အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက “အဲ့မှာ အများကြီးခံနေတယ်။ အခုလောလောဆယ် သူတို့ မိုးကာတွေလည်း စောင့်နေတယ်။ သူတို့တွေလည်း အဲ့မှာ တဲဆောက်ပြီးနေရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ မိုးကာတွေလည်း ရှာရတာမရှိတော့ဘူး။ အဲ့လိုမျိုးဖြစ်နေလို့လေ သူတို့လည်း ကိုယ်တွေကိုပဲ မျှော်နေသလိုပဲ ဖြစ်နေတယ်။ တခြားလူတွေလည်း ဘယ်သူမှ လာမကူဘူး ဖြစ်နေတယ်။ အဲ့ဘက်ပိုင်းဆို ပိုဆိုးသွားတယ်လေနော်။ ဘယ်သူမှ မဝင်နိုင်တဲ့ဟာမျိုးတွေ ဖြစ်ကုန်တော့ ပိုခက်ခဲတယ်လို့တောင် ပြောလို့ ရတယ်” ဟု ပြောသည်။

ကရင်နှင့် ကရင်နီနယ်စပ်က ယာဒိုကျေးရွာမှာ ၂၀၂၃ ဇန္နဝါရီလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင် နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ကျေးရွာများက ပြည်သူများပါ စစ်ဘေးရှောင်နေကြရပြီး ယခုအချိန်ထိ နေရပ် ပြန်နိုင်ခြင်း မရှိသေးပေ။

ယာဒိုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အဆိုပါရွာမှ စစ်ဘေးရှောင်များအပါအဝင် အနီးအနား ရှိ အခြားရွာများမှ အိမ်ထောင်မိသားစု ၈၀ နီးပါးမှာ တောတောင်များထဲ စစ်ရှောင်နေရပြီး လက်ရှိတွင် အမိုး အကာများ လိုအပ်နေသည်ဟု ကယောလူငယ် အစည်းအရုံးတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုက ကျေးရွာ ၁၀ ရွာခန့်က ပြည်သူများသည်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် လုံခြုံနိုင်သည်ဟု ယူဆရသော တောတောင်များထဲ ပြောင်းရွှေ့နေနေကြရ သည်။

အဆိုပါ စစ်ရှောင်များအတွက်မူ ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

“သူတို့မှာ ဆေးဝါး ရိက္ခာ တအား လိုအပ်နေတာတော့ ရှိတယ်။ ဆရာမတွေရှိပေမယ့် ဆေးက ဟိုဘက် လည်းမရောက် ဒီဘက်လည်းမရောက်တော့လို့လေ။ ဒီဆေးပိုင်းနဲ့ ပတ်သက်ပြီး အရမ်းလိုအပ်တယ်။ ဘာ ဖြစ်လို့လဲဆို ကလေးတွေက Camp (စခန်း) ထဲမှာတွေ ဝမ်းပျက်ဝမ်းလျှော ပူကပူတယ်ကောနော်။ သူတို့ ဒေသက ပူတော့ အခုက ဆေးက လုံးဝပြတ်တောက်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်” ဟု အကူအညီ ပေးနေသူ လူငယ်တစ်ဦးက ဆက်ပြောသည်။

အလားတူ စစ်ရှောင်အများဆုံး ရှိနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင်မူ သောက်သုံးရေ ရှားပါးမှု ပြဿနာက အတော်လေးကို ဆိုးရွားသည်ဟု စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများက ပြောကြသည်။

ဒီးမော့ဆိုဘက်ခြမ်းက စစ်ဘေးရှောင်များအား ကူညီပေးနေသူ တစ်ဦးက “ပွင့်လင်းရာသီ ရောက်လာတာနဲ့ အမျှ ဒီးမော့ဆို အနောက်ဖက်ခြမ်းက အရင်ကတည်းက ရေရှားပါးမှု ပြဿနာတွေက ရှိနေပြီးသားပေါ့ နော်။ အခု စစ်ဘေးရှောင်တွေ ပိုပြီးတော့များလာခြင်းအားဖြင့် ရေရှားပါးမှု ပြဿနာက ပိုပြီးတော့ ကြီး ထွားလာနိုင် ပြီးတော့ ရေပေးဝေမှုမှာလည်း အခက်ခဲတွေ အများကြီး ကြုံတွေ့လာပါတယ်ဗျ” ဟု ပြော သည်။

စစ်ဘေးရှောင် အများစုမှာ သောက်သုံးရေကို ဝယ်ယူသုံးစွဲနေရပြီး နေရာအကွာအဝေး အပေါ် မူတည်၍ ကျပ် ၃၀၀၀၀ မှ ကျပ် ၅၀၀၀၀ အထိ ပေးရသည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အချို့သော စစ်ရှောင်စခန်းများအတွက် ရေ လာရာက်လှူဒါန်းသော အလှုရှင်များ ရှိသော်လည်း သောက်သုံး ရန်နှင့် ချက်ပြုတ်ရန်အတွက်သာ အနည်းငယ်အဆင်ပြေသည်ဟု ဆိုကြသည်။

ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ၏ စာရင်းများအရ ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ် ဘေးရှောင် ပြည်သူအများဆုံး ဖြစ်ပြီး လူဦးရေ ၈၀,၀၀၀ ကျော်ရှိနေသည်။ သို့သော် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင် ၂၈၀,၀၀၀ ကျော်ရှိနေပြီဟု KCSN ၏ စာရင်များအရ သိရသည်။

ဓါတ်ပုံ – Karenni Humanitarian Aid Initiative (ကရင်နီစစ်ရှောင်များ)