အင်းစိန်ထောင်တွင် နိုင်ကျဉ်းတစ်ဦး လိင်တူအဓမ္မပြုကျင့်ခံရမှုကို သတင်းဖုံးဖိထား

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။

အင်းစိန် အကျဉ်းထောင်၌ တီဘီရောဂါဝေဒနာရှင် နိုင်ကျဉ်းတစ်ဦး လိင်တူ အဓမ္မပြုကျင့်ခံရမှု ခံခဲ့ရသည်ဟု အကျဉ်းသားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား တစ်ဦး လိင်တူအဓမ္မပြု ကျင့်ခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်ကို ထောင်အာဏာပိုင်နှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက သတင်းဖုံးဖိထားကြသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက် PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “မုဒိမ်းမှု ကျူးလွန်ခံလိုက်ရတာ ဖြစ်တဲ့အတွက် အဲ့ဒီဖြစ်စဉ်နဲ့ ညီမျှတဲ့ ထောင်တွင်းတရားရုံးက စစ်ဆေးမှုတွေ (သို့) ပြင်ပ တရားရုံးကနေ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်တာတွေ စီမံရမယ်ပေါ့နော်။ ဒီလိုမျိုး အမိန့်တွေကို မစီမံတဲ့အပြင် သတင်းတွေကို ဖုံးဖိပြီးမှ ကျူးလွန်ခံရတဲ့ သူတွေကို နှုတ်ပိတ်ထားခြင်းဟာ အကျဉ်းဦးစီးဝန်ထမ်း ထောင်အာဏာပိုင်တွေက ကိုယ်တိုင်ကိုက အဲ့ဒီရဲ့ မုဒိမ်းမှုဖြစ်စဉ်ကို ဖြစ်မြောက်ဖို့အတွက် အားပေးအားမြောက် ပြုနေခြင်းဖြစ်တယ်။ ဒါက ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ဘူး။ လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်။ သို့သော်လည်းပဲ အခုချိန်ထိတော့ ကျနော်တို့ မတွေ့ရသေးပါဘူး” ဟု ပြောသည်။

အင်းစိန်အကျဉ်းထောင်တွင်းရှိ ထောင်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသည့် အသက် ၂၅ နှစ်အရွယ် တီဘီရောဂါ ဝေဒနာရှင်ကို အကျဉ်းသား အခန်းလူကြီး ဇင်မျိုးကို (ခေါ်) မျိုးကြီးက ခြိမ်းခြောက် ထိုးကြိတ်ခဲ့ပြီးနောက် အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်ခံရသည့် နိုင်ကျဉ်းက ပုဒ်မ ၅၀ – ည ဖြင့် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသူ ဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ခြိမ်းခြောက် အဓမ္မပြုကျင့်ခံခဲ့ရခြင်း ဖြစ်သည်။

အကျဉ်းထောင်အခန်းများ၌ အကျဉ်းသား ၃ ဦးမှ ၅ ဦးအထိ နေထိုင်နိုင်ကြသော်လည်း အခင်းဖြစ်ပွားသည့် ညတွင် အဆောင်မှူးနှင့် ထောင်အာဏာပိုင်များက မုဒိမ်းမှု ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ နှစ်ဦးတည်း နေထိုင်ခိုင်းခဲ့သည်ဟု ဆိုသည်။

မုဒိမ်းကျင့်ခဲ့ရသည့် နိုင်ကျဉ်းက အခင်းဖြစ်ပွားသည့် နေ့ရက်ကတည်းက အဆောင်မှူးကို တိုင်ကြားခဲ့သော်လည်း ဖြေရှင်းမပေးသည့်အပြင် အဆိုပါ သတင်းပေါက်ကြားပါက ကျူးလွန်သူနှင့် ကျူးလွန်ခံရသူ နှစ်ဦးစလုံးကို တိုက်ပိတ်မည်ဟု ပြောဆို ခြိမ်းခြောက်ပြီး သတင်းဖုံးဖိထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ PPNM က အချက်အလက် စုံလင်စွာရယူထားပြီး အရေးယူမှု ရှိ/မရှိကို စောင့် ကြည့်နေသည့်အပြင် ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့် အချိန်၌လည်း တရားမျှတမှု ရရှိစေရေး အတွက် တင်ပြသွားမည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

“ကျနော်တို့ ဒီကျူးလွန်ခဲ့တဲ့ မျိုးကြီးပေါ့နော်၊ သူ့အပေါ်မှာ ထောင်အာဏာပိုင်တွေ အနေနဲ့ ထိရောက်တဲ့ အပြစ် ပေး အရေးယူမှုတွေ ရှိ/မရှိ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ဒီလို အပြစ်ပေး အရေးယူမှု မပြုခြင်းဟာ ထောင်အာဏာပိုင်တွေ ကိုယ်တိုင်ကိုယ်က ဒီဖြစ်စဉ်အပေါ် ပူးပေါင်းပါဝင်နေတယ်လို့ ကျနော်တို့က သတ်မှတ်မှာဖြစ်တယ်။ ဒီကျူးလွန်တဲ့ပေါ်မှာ ထောင်တွင်း တရားရုံးကနေ သော်လည်းကောင်း၊ ပြင်ပတရားရုံးကနေ သော်လည်းကောင်း၊ မုဒိန်းမှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်တစ်ခုကို ချမှတ်ပါ၊ နစ်နာသူအတွက်လည်း ကျူးလွန်ခဲ့တာတွေ နဲ့ ပတ်သက်ပြီး တောင်းပန်ပါ။ တောင်းပန်ရုံနဲ့ ပြီးမလားဆိုတော့ ဒီလိုကာလမှာ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ လုပ်နိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။”  

ခြိမ်းခြောက်ခဲ့သည့် အဆောင်မှူးက အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏ လက်ရင်းတပည့် ဖြစ်ပြီး အကျဉ်းသားများကို ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အလိုမတူသော မုဒိမ်းမှုဖြစ်ခဲ့ပါက ငွေယူပြီး ဖုံးဖိပေးခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်နေသူ ဖြစ်သည်ဟု PPNM က ဆိုသည်။

ထို့အပြင် သာယာဝတီ အကျဉ်းထောင်၌လည်း ယခုနှစ်အတွင်း LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူ) နိုင်ကျဉ်း တစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့ဖူးသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။