ဒီပဲယင်း စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ ကျောင်းသူ/သား များ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ အလယ်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူ/သားများနှင့် ဆရာမ စုစုပေါင်း အယောက် ၂၀ ကျော် သေဆုံးခဲ့ သည်။

မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖွင့်ထားသော ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

မြေပြင်တွင် ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ဒီမနက်မှာ လေယာဉ်နဲ့ လာကြဲသွားတာ ဟုတ်ပါတယ်ဗျာ။ မနက်ကတော့ ကလေးက ၁၃ ယောက်၊ ဆရာမက ၂ ယောက်ပေါ့ဗျာ။ အခု နောက်ဆုံးစာရင်းရတာက ကလေး က အယောက် ၂၀ ရှိသွားပြီ။ ဆရာမကတော့ ၂ ယောက် အားလုံးပေါင်း ၂၂ ယောက်ပါဗျာ ဟု ပြောသည်။

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းအား လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း  ထိခိုက်ဒဏ်ရာရ သူ အယောက် ၄၀ ကျော်ရှိသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

အိုးထိန်းတွင်းရွာ အနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း၊ စာသင်ကျောင်းကို ပစ်မှတ်ထားကာ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူ/သားများနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ထိခိုက်ဒဏ်ရာရထားသော ကျောင်းသူ/သားများကို လုံခြုံစိတ်ချရသော နေရာများသို့ ရွှေ့ပြောင်းကာ အရေးပေါ် ဆေးကုသမှု ပေးနေကြသည်ဟု ကူညီကယ်ဆယ်ရေး လုပ်နေသူများက ဆိုသည်။

ထိခိုက်ဒဏ်ရာ ရထားသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် သူလည်း အတော်များသောကြောင့် သေဆုံး သူများ ထပ်တိုးလာနိုင်သည်ဟု ဆိုကြသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာယန်ရှိသူ တစ်ဦးက အသက်အရွယ်လေးတွေက ၈ နှစ်ကနေ ၁၇ ကြားပေါ့၊ အဲ့ဒီအရွယ် ကလေးတွေပါတယ်။ အကြီးဆုံး ၁၇ နှစ် ဖြစ်မယ်။ နောက်ပြီး ဆရာမလေး နှစ်ယောက် ကလည်း စေတနာ့ဝန်ထမ်းလို့ ပြောရမယ်။ လုပ်အားပေး ဆရာမလေးတွေပါ။ တော်တော်ဆိုးတယ်ဗျာ။ ကျနော်တို့ ပဇီကြီးတို့၊ လက်ယက်ကုန်းတို့၊ နောက်ပြီး အနမ့်ပါတို့ပြီးရင် ဒါက အဆိုးဆုံး ဖြစ်ရပ်လို့ ပြောလို့ရ တယ် ဟု ပြောသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုလေကြောင်း တိုက်ခိုက်မှုမှာ လေယာဉ်ဖြင့် စာသင်ကျောင်းပေါ် တည့်တည့်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒီပဲယင်းမြို့ အနောက်တောင်ဘက်တွင် ရှိသည့် အိုးထိန်းတွင်းကျေးရွာ လေကြောင်း တိုက်ခိုက်ခံရချိန်တွင် စာသင်ကျောင်း၌ စာမေးပွဲဖြေဆိုနေသူ ကျောင်းသူ/သား ၂၈၉ ဦး ရှိနေသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ် ရေး အဖွဲ့ တာယန်ရှိသူ ပြောသည်။

သေဆုံးသူ ဆရာမနှစ်ဦးနှင့် ကျောင်းသူ/သားများ၏ အမည်နှင့် အတန်းစာရင်းကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားသည်။

ယခုလေကြောင်း တိုက်ခိုက်ခံရမှုသည် ဒီပဲယင်းမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် လူသေဆုံးမှု အများဆုံး ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သား ၁၃ ဦးအထိ သေဆုံးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူက ပဇီကြီး လေကြောင်းဗုံးကြဲမှု၊ ဒီပဲယင်းက လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုနှင့် ကချင်ပြည် ဖားကန့်ဒေသမှ အနန့်ပါ ဗုံးကြဲ တိုက်ခိုက်မှု ပြီးလျှင် ယခု အိုးထိန်းတွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အဆိုးရွားဆုံး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့