ပရာဒေါင်း ခေါင်းဆောင်များ လုံခြုံရေးကို လူထု စိတ်မချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်။

မြင်းမထိတောင်တွင် သတ္တုတူးဖော်သည့် ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းပေးရန် ပရာဒေါင်းဆွေးမျိုးစုဖက်က ကယန်းပြည်သစ်ဗဟိုကော်မတီဝင်များထံသို့ အသိပေးတောင်း ဆို လိုက်သည်။

မြင်းမထိတောင်တွင် သတ္တုတူးဖော်သည့် ကိစ္စနှင့်ပတ်သက်၍ မေလ ၂၆ ရက်နေ့(ယနေ့)တွင် လေးပွင့်ကြယ် ကုမ္ပဏီ၊ ကယန်းပြည် သစ် ဗဟိုကော်မတီနှင့် ပရာဒေါင်းဆွေမျိုးစုများ တွေ့ဆုံဆွေးနွေးရန် သဘောတူထားကြ သော်လည်း တွေ့ဆုံ ဆွေးနွေးမှုကို အချိန်အကန့်မရှိ ရပ်ဆိုင်ပေးရန် ပရာဒေါင်းဆွေမျိုးစုများဖက်က ကယန်း ပြည်သစ်ဗဟို ကော်မတီ ဝင်များထံသို့ မေလ ၂၅ ရက်နေ့ (ယမန်နေ့)တွင် စာပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ပရာဒေါင်းဆွေမျိုးစု ဒေသခံတစ်ဦးကဒီရက်တွေ့ဆုံဆွေးနွေးမှုက ကျနော်တို့ဖက်က လူထုရဲ့သဘော ထား ဆန္ဒကြောင့် ကျနော်တို့တော့ မတက်ဖြစ်ဘူး။ ရပ်ဆိုင်းပေးဖို့တောင်းဆိုတာက ဆွေမျိုးစုခေါင်း ဆောင်ကိုဖမ်းပြီ းပြန်လွတ်မြောက်တာလည်း ပူပူနွေးနွေးပဲရှိသေးတဲ့အတွက်ကြောင့် လူထုက ဆွေမျိုးစု ခေါင်းဆောင်တွေ အတွက် စိတ်မချ စိတ်ပူ နေသေးတဲ့ သဘောပါဟု ပြောသည်။

မေလ ၂၀ ရက်နေ့က ကယန်းပြည်သစ်ဗဟိုကော်မတီဝင်များ၏ ကြားဝင်စေ့စပ်ပေးခဲ့မှုကြောင့် ပရာဒေါင်း ဆွေမျိုးစုနှင့် လေးပွင့်ကြယ် ကုမ္ပဏီအကြား ပဏာမ သဘောတူညီချက် ၇ ချက်ရရှိခဲ့ပြီး နံပါတ် ၆ အချက်တွင် မေလ ၂၆ ရက်နေ့(ယနေ့)တွင် ကယန်းပြည်သစ် ဗဟိုဌာနချုပ်တွင် ပြန်လည်တွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားကြသည်။

မေလ ၂၀ ရက်နေ့က သဘောတူညီချက်များနှင့်ပတ်သက်၍ ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဆိုသည့် အချက်ကိုသာ သိရပြီး ကျန်သဘောတူညီချက်များကို ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်များနှင့် လေးပွင် ကြယ်ကုမ္ပဏီ၊ ကယန်းပြည်သစ်ဗဟိုကော်မတီဝင်များက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မြင်းမထိတောင် သတ္တုတူးဖော်ရေးလုပ်ငန်းသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသ သိကျိတ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်မာစတာဝမ်ကုမ္ပဏီတို့က အကြီးစား သတ္တုတူးဖော်မှုများကို လုပ်ဆောင်နေသည်။

သတ္တုတူးဖော်မှုများကို ရပ်တန့်ပေးရန် ဦးဆောင်တောင်းဆိုခဲ့သည့် ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ ပရာဒေါင်းဆွေမျိုးစုလူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒို တို့ကို မေလ ၁၆ ရက်နေ့က သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် (ခေါ်) ဦးရွှေအေးရဲ့နေအိမ်တွင် လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၅ ရက်အကြာ မေလ ၂၀ ရက်နေ့တွင် ကယန်း ပြည်သစ် ဗဟိုကော်မတီဝင်များ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လွှတ်လာခဲ့သည်။။

မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်းကြီးရွာဟောင်းက ဒေသခံများသည် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ရသည်ဟု ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များက ပြောသည်။

ထို့အပြင် အိမ်ခြေ ၃၀ ခန့်ရှိသည် ကုန်းဆုံကျေးရွာ၊ အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် သိကျိတ်ကျေးရွာများကိုလည်း အကြီးစားသတ္တုတူးဖော်မှုကြောင့် ဘေးဥပဒ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။ 

ဒေသခံများ၏ဘဝများ ထိခိုက်ပျက်စီးလာနိုင်သည့် အခြေအနေများကြောင့်  မြင်းမထိတောင်က သတ္တုတူးဖော် မှုများကို ကန့်ကွက်သလို လုံးဝ ရပ်တန့်အောင်လည်း လူထုအားနှင့် ဆက်ပြီး ကြိုးပမ်းသွားမည်ဟု လေးပွင့် ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။