မေလအတွင်း အမျိုးသမီး ၉၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်။
မြန်မာနိုင်ငံတစ်ဝှမ်း၌ မေလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်ထိုးစစ် တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များ အပါအဝင် အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) က ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်း မေလ အတွင်း သေဆုံးခဲ့သည့် အမျိုးသမီး ၉၂ ဦး အနက် အသက် ၁၈ နှစ်အောက် မိန်းကလေး ၂၉ ဦး ပါဝင်သည်ဟု BWU က ဆိုသည်။
အမျိုးသမီးများ ထိခိုက်သေဆုံးမှု လစဉ်နှင့်အမျှ တိုးလာနေသည့်အပေါ် မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး – ၂ မယဉ်မျိုးလှိုင် က ယခုကဲ့သို့ ပြောသည်။
“အကြမ်းဖက် တိုက်ခိုက်မှုတွေ မရပ်သရွေ့ကတော့ သေဆုံးမှုတွေက တိုးလာအုံးမယ်ဆိုတာ ပြောချင်တယ်။ အပြစ်မဲ့ပြည်သူကို တိုက်ခိုက်မှုလုပ်တဲ့ထဲမှာ အပြစ်မဲ့ပြည်သူလို့ ပြောရင် ပြည်သူ အများကြီးပဲပေါ့နော်။
ဒီလထဲမှာဆိုလည်း အသက် ၁၈ နှစ်အောက် အမျိုးသမီးတွေကလည်း ပိုတိုးလာတာ တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒါတွေကလည်း မဖြစ်သင့်ဘူး။”
စစ်ကောင်စီ၏ လေကြောင်း ဗုံကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄ ဦး၊ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၄ ဦး၊ အကျဉ်းထောင်အတွင်း ဆေးကုသခွင့် မရသောမှုကြောင့် ၁ ဦးနှင့် စစ်တပ် ၏ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၂ ဦး စုစုပေါင်းအမျိုးသမီး ၉၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ထို့အတူ မေလအတွင်း စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၀ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦး၊ မြေမြုပ်မိုင်းကြောင့် ၃ ဦးနှင့် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၈၁ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့သည်။
အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားသည့် စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက် ခိုက်မှု၊ မြေပြင်မှ တိုက်ခိုက်မှုများအား ရပ်တန့်ပေးရန်နှင့် ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူရမည် ဟု မယဉ်မျိုးလှိုင်က ဆက်ပြောသည်။
“ကျမတို့ အမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ အကြမ်းဖက် ခံနေရတယ်။ တစ်ပြိုင်နက်တည်းမှာဘဲ ဒီစစ် ပဋိပက္ခ အတွင်းမှာလည်း သေဆုံးမှုနှုန်းကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေက များတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်များလဲ ဆိုရင် ဒီလိုနိုင်ငံရေး မငြိမ်မသက် ဖြစ်နေတဲ့ကာလ အတွင်းမှာ ရပ်ရွာတွေမှာ ကျန်ခဲ့တာက အမျိုးသမီးတွေ ဖြစ်တယ်။ ဆိုတော့ ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြားမှာ ကြုံတွေ့ရင်ဆိုင် ခံစားနေရ တာ အမျိုးသမီး အများစု ဖြစ်တယ်။ ဒါကြောင့်မလို့ ဒီလိုမျိုး အကြမ်းဖက်မှုကို ရပ်တန့်ပေးဖို့ ကျမတို့ ပြောချင်ပါတယ်။ ကျူးလွန်တဲ့ သူတွေကိုလည်း ထိရောက်တဲ့ ဥပဒေတွေနဲ့ အရေးယူရမယ်။”
မေလအတွင်း BWU မှ ကောက်ယူထားသည့် စာရင်းအရ အသက်ဆုံးရှံးခဲ့သည့် အမျိုးသမီး ဦးရေသည် စစ်ကိုင်း တိုင်း ဒေသကြီးတွင် ၄၁ ဦး၊ ရခိုင်ပြည်တွင် ၁၆ ဦးနှင့် မန္တလေးတိုင်းဒေသကြီးထဲတွင် ၁၄ ဦး တို့ဖြစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီး အတွင်း အမျိုးသမီး သေဆုံးမှု အများဆုံး ဖြစ်သည်။
မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) အနေဖြင့် ပဋိပက္ခကာလအတွင်း မြန်မာအမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှု များသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာ ဆက်လက် ရပ်တည်သွားမည်ဟု ဆိုသည်။