လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းတွင် လူ ၄ ဦး ထိခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အတွင်းမှ ဘုန်းကြီး တပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်- ပကဖ က ထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နယ် ကျက်ရိုးပင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအား မန္တလေးတိုင်း၊ တံတားဦးလေတပ်မှ ပျံတက်လာသည့် ဂျက်ဖိုက် တာ တိုက်လေယာဉ် တစ်စင်းဖြင့် ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
ပြင်ဦးလွင် – ပကဖ သတင်းတာဝန်ခံဖြစ်သူက “ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ တော့ ဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့တပ်တွေက အဲမှာမရှိဘဲနဲ့ အဲဒီနေရာသက်သက်ကို ပြည်သူတွေ သေစေ ချင်လို့ လေကြောင်း တိုက်ခိုက်မှုလုပ်တာဗျာ” ဟု ပြောသည်။
လေကြောင်း တိုက်ခိုက်စဉ်အတွင်း အသက် ၆၇ နှစ်အရွယ် ဘုန်းကြီးတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ သိမ်ကျောင်းဆောင် တစ်ဆောင် မီးလောင်ပြာကျ ပျက်စီးခဲ့သည်။
ထို့အပြင် အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၁၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး စုစုပေါင်း ၄ ဦးသည်လည်း ပေါင်နှင့် လက်မောင်းနေရာများ၌ ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
“ပြည်သူတွေကတော့ လေကြောင်းလာရင် ပုန်းကြ၊ ခိုကြတာပေါ့ဗျာ့။ လေကြောင်းမလာခင် ပုံမှန် အလုပ်လုပ် ကြတော့ ရှိတာပေါ့။ အခုမြေပြင် အခြေအနေမှာတော့ နေ့တိုင်းတော့ လေယာဉ်ဝဲတာမျိုး ရှိတယ်ဗျာ။ ဒါပေ မယ့် ပစ်တာချတာကြတော့ တချို့ကိစ္စတွေ သတင်းပေးလို့ မရတာမျိုး ရှိတယ်ဗျာ့” ဟု ပြင်ဦးလွင် – ပကဖ သတင်းတာဝန်ခံ ဖြစ်သူက ဆက်ပြောသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးလာကြဲခဲ့ခြင်းဖြစ်ပြီးသည်ဟု ပြင်ဦးလွင် – ပကဖ သတင်းတာဝန်ခံ ဖြစ်သူက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့၌လည်း သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကန်သာအား ပေါင် ၅၀၀ ဗုံး ဖြင့် တိုက် ခိုက်ခဲ့ရာ စာသင်ကျောင်းဆာင် ၂ ဆောင် မီးလောင်ပြာကျ ပျက်စီးခဲ့ဖူးသည်ဟု မြေပြင် အရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အပစ်ရပ်ထားသော်လည်း အရပ်သားများနေထိုင်ရာ လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများသို့ ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု မြေပြင် သတင်း အရင်းအမြစ်များက ပြောသည်။