နှစ်ဘက် အပစ်ရပ် ကြေညာသော်လည်း နောင်ချိုတွင် တိုက်ပွဲများ ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်။
အပစ်ရပ်ထားသော်လည်း ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။
မေလအတွင်းနှင့် လက်ရှိဖြစ်ပေါ်နေသော တအာင်းဒေသတွင်းက နိုင်ငံရေး၊ စစ်ရေးအခြေအနေများ အကြောင်း ဇွန်လ ၅ ရက်နေ့တွင် လုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ နောင်ချိုတိုက်ပွဲနှင့် ပတ်သက်၍ PSLF/TNLA တာဝန်ရှိသူများ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “တိုက်ပွဲကတော့ နေ့စဉ်ဖြစ်ပွားနေတာ မဟုတ်သည့်တိုင် ရက်ခြား တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားတာရှိပါတယ်။ လက်ရှိကတော့ စစ်ရေးစစ်ရာ စစ်ရေးဗျူဟာ ဖြစ်တဲ့ အလျောက် စစ်ကောင်စီဘက်ကတော့ ထိုးစစ်ဆင်လာတာမျိုး ကျမတို့ကလည်း ပြန်လည် ခုခံတိုက်ခိုက် တာမျိုးပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် စစ်ကောင်စီဘက်က ရှေ့တိုးနိုင်တာမျိုးလည်း ရှိသလို ကျမတို့ကလည်း ပြန်လည် ခုခံပြီးတော့မှ ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီ နှင့် TNLA နှစ်ဖက်လုံးက ငလျင်ထူထောင်ရေးအတွက် အပစ်ခတ်ရပ်စဲရေးကာလကို ဇွန်လကုန် အထိ တစ်လ ထပ်မံ သက်တမ်းတိုးထားကြခြင်း ဖြစ်သည်။
သို့သော်လည်း နောင်ချို၊ တောင်ခမ်းကျေးရွာတွင် စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းများ ရှိနေ သည်ဟု လွေးယေဦးက ပြောသည်။
စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသော နောင်ချိုမြို့နယ်ထဲတွင် TNLA ဘက်မှ စစ်ရေးအရ ထိန်းထား နိုင်သော်လည်း ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန်လိုသည်ဟု လွေးယေဦးက ပြောသည်။
“လူထုအနေနဲ့ကတော့ လုံခြုံရေးကိစ္စတွေ အထူး ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ စစ်ရေး အရကတော့ စိတ်ပူ စရာတော့ မလိုဘူးပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးဗျူဟာအရ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။”
စစ်ကောင်စီ၏ ထိုးစစ်နှင့် လေကြောင်းမှ တိုက်ခိုက်မှုများ အပြင် တဖက်တွင်လည်း တရုတ်၏ ဖိအားကြောင့် ပိတ်ဆို့မှု ပိုများလာနေပြီး ဒေသခံလူထုမှာ ကုန်ပစ္စည်းရှားပါးမှုနှင့် ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်တို့ကို ရင်ဆိုင် နေကြရသည်။
တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီ နှင့် TNLA တို့သည် ဩဂုတ်လကုန်တွင် ထပ်မံ တွေ့ဆုံကြမည်ဖြစ်ပြီး လက်ရှိပြည်သူများ ကြုံနေရသည့် အခက်အခဲများ ပြေလည်စေရန် အဓိက တောင်းဆို သွားမည်ဟု ဆိုသည်။
တရုတ်နိုင်ငံက ကြားဝင် စီစဉ်ပေးသည့် စစ်ကောင်စီနှင့် တွေ့ဆုံမှုများကို ဆက်လုပ်ရန်ရှိပြီး တွေ့ဆုံမှုများ၌ ပြည်သူလူထုကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးနှင့် တိုက်ခိုက်မှုများ မလုပ်ရန် ဆက်လက် တောင်း ဆိုသွားမည်ဟု TNLA တာဝန်ရှိသူက ပြောသည်။
ဧပြီလ နောက်ဆုံးပတ်က တရုတ်နိုင်ငံ ကူမင်းတွင် လုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ TNLA က သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ရာ TNLA က လက်မခံသည့်အတွက် ဆွေးနွေးပွဲ အဆုံးသတ်ခဲ့သည်။
ထိုဆွေးနွေးပွဲ နောက်ပိုင်းတွင် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နယ်မြေများထဲ ဒရုန်း၊ လက်နက်ကြီး အပြင် လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေပေါင်း ၁၀၀၀ ကျော် လုပ်ခဲ့သည်ဟု TNLA က ဆိုသည်။
စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် မေလအတွင်း နောင်ချိုမြို့နယ်ထဲ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး
လေကြောင်းမှ ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းဖြင့် ဗုံး ၃၂၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၄၄ လုံး ကြဲခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများထဲ အပြစ်မဲ့ ပြည်သူလူထု ၆ ဦး သေဆုံးခဲ့ရပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသည့် အပြင် နေအိမ် ၈ လုံးလည်း ဗုံးစထိမှန် ပျက်စီးခဲ့သည်ဟု ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – မေလ ၁၈ ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက စစ်ရှောင် တစ်ဦး သေဆုံး