ကရင်နီပြည်အတွင်း စက်သုံးဆီ ပြတ်လပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်။ 

ကရင်နီပြည်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဈေးပါတက်လာနေသည့်အတွက် သွားလာရေးကိစ္စ အခက်အခဲ များနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် ဇွန်လတတိယပတ်တွင် ဓာတ်ဆီ (၁) လီတာ၏ ဈေးနှုန်းမှာ ကျပ် ၈,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ရှိလာပြီး ဝယ်ယူရန်လည်း ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။

 ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေသခံတစ်ဦးက တစ်ဆိုင်နဲ့ တစ်ဆိုင်ကမတူဘူး။ တစ်ချို့ဆိုင်တွေဆို တစ်သောင်းကျော်တယ်။ တစ်ချို့ဆိုင်တွေဆို ၈,၅၀၀၊ ၉,၀၀၀ အဲ့လောက် ဈေးတက်တယ်။ တစ်ချို့ဆီပန့်တွေ ဆို အကုန်လုံး ပိတ်ပြီလေ။ ပီပါလိုက် ဆိုင်မျိုးတွေဆို သိပ်မတွေ့ရတော့ဘူးလေ။ ဆိုင်သေးတွေလောက်ပဲ ကျန် တယ်။ ၅ ဂါလံပုံး တစ်ပုံး နှစ်ပုံး အဲ့လိုမျိုးပဲ။ ဘာမှမရှိတော့ဘူး သူတို့ဟာ လက်ကျန်ပဲ တင်ရောင်းတဲ့ လူပဲ ရှိတယ်။ အဲ့ကြောင့်မို့လို့ သူတို့ဈေးကို တင်ရောင်းတယ်ပဲ ပြောရမလား ဟု ပြောသည်။

ဒေသတွင်းရှိ ဆီဆိုင်အချို့ပင် ပိတ်ထားကြသည်ဟု ဒေသခံများက ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့်အတူ ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်း ထိုးမှုများကြောင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လမ်းကြောင်း အခြေအနေများအရ စက်သုံးဆီ တင်သွင်းနိုင်ရန် လည်း ခက်ခဲနေသည်ဟု ဆိုသည်။

ထိုသို့သော အခြေအနေများကြောင့် လက်ရှိတွင် ဒေသတွင်း စက်သုံးဆီ ပြတ်သွားပြီး ဈေးနှုန်းမှာ ခုန်တက်သွား ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက ဓာတ်ဆီ‌က တောင်ငူကနေ တစ်ပေါက်ပဲ ရဖို့ရှိတယ်။ ဒီလွိုင်ကော်၊ ဆီဆိုင်တို့ဘက်က ဝင် ပေါက် မရှိလို့လေး။ ဒီတောင်ငူကနေဆို တစ်ပတ် တစ်ခါလား၊ နှစ်ပတ် တစ်ခါလား အဲ့မျိုးပဲ ဝင်လာတော့ ဈေးကတက်တယ် အဲ့လိုမျိုး ဟု ပြောသည်။

စက်သုံးဆီ ပြတ်လပ်နေပြီး ဈေးနှုန်းမြင့်တက်နေသည့် အတွက် သွားရေးလာရေးအတွက် အခက် ကြုံနေရသည် ဟု ဆိုသည်။

အဆိုပါ ဒေသခံက ဓာတ်ဆီဈေးတက်တော့ သွားရလာရခက်တယ်လေးနော်။ အခုက ဆိုင်ကယ်တွေ ကားတွေ နဲ့ပဲ ဆိုတော့ ခက်ခဲတယ်ပေါ့။ တစ်နေရာကနေ တစ်နေရာ သွားဖို့ဆိုရင် ဟု ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် ဇွန်လအစောပိုင်းအထိ ဓာတ်ဆီ ၁ လီတာကို ကျပ် ၅,၀၀၀ ပဲ ရှိခဲ့ရာမှာ လက်ရှိတွင် စျေးခုန် တက်သွားခြင်း ဖြစ်သည်။

ဒေသတွင်း၌ စက်သုံးဆီ အပါအဝင် အခြား ကုန်ပစ္စည်းများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း များပါ တင်သွင်းရန် ခက်ခဲလာနေသည့်အတွက် ကုန်ဈေးနှုန်းများ ထပ်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေ ကြသည်။