ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲ ဆက်ဖြစ်၊ ပဋိပက္ခ နယ်မြေ ကျယ်ပြန့်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
ဇူလိုင် ၂၆ ရက် စနေနေ့တွင်လည်း ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်တပ် အကြား တိုက်ခိုက်မှုများဆက်ဖြစ်နေသည်။
ထိုင်းက တစ်ချို့နေရာများကို နယ်မြေ ရှင်းလင်းရေးများ လုပ်ပြီး ရေတပ်သင်္ဘာများကိုလည်း ပဋိပက္ခ ဒေသတွင် ချထားလိုက်သည်။
ဇူလိုင်လ ၂၆ ရက်နေ့ (စနေနေ့ ) နံနက်တွင် ထိတွေ့မှု ဧရိယာသည် ၆ နေရာမှ ၁၂ နေရာ အထိ ကျယ်ပြန့်လာသည်ဟု ထိုင်းစစ်တပ်က ပြောသည်။
ပဋိပက္ခ နယ်မြေသည် လာအို နယ်စပ် ဘက်အထိ ကျယ်ပြန်လာသည်။ ထိုင်းဘက်က ပြောမည်ဆိုပါက Trat နှင့် Chanthaburi ခရိုင်များကို ပြန့်နှံ့လာသည်ဟု ဆိုသည်။
အဆိုပါဒေသများတွင် ထိုင်းက ရေတပ် သင်္ဘောကြီး တစ်စီးနှင့် သင်္ဘောငယ် ၄ စီးကို တာဝန်ချထားလိုက်သည်။
ယနေ့ နံနက် ၉ နာရီ ၂၀ တွင် ယခင်ရက်များက တိုက်ခိုက်မှုများ ဖြစ်နေခဲ့သော ကမ္ဘောဒီးယားများတပ်စွဲထားခဲ့သည့် Phu Makuea တောင်ထိပ်တွင် ထိုင်းအလံ ထောင်လိုက်ပြီး နယ်မြေ ရှင်းလင်းရေးများ လုပ်နေသည်ဟု ထိုင်း စစ်တပ်က ပြောသည်။
ထိုင်းစစ်တပ်က ကေဘယ်ကြိုးကားများ သံမဏိ တံတားများနှင့် ရေဒါတိုင်များကို ဖျက်စီးလိုက်သည်ဟု ကြေညာသည်။
Sa Kaeo ခရိုင်တွင်လည်း အငြင်းပွားနေသည့် နေရာ ၄ ခုမှ ကမ္ဘောဒီးယား စစ်သားများကို မောင်းထုတ်နိုင်ခဲ့သည်ဟု ထိုင်းစစ်တပ်က ပြောပါသည်။
မြတြိဂံ နယ်စပ်ဖြစ်သည့် ထိုင်း-လာအို-ကမ္ဘောဒီးယား နယ်စပ်တွင်လည်း ထိတွေ့မှု တစ်ချို့ ဖြစ်ခဲ့ပြီး လာအို နိုင်ငံထဲကို ကျည်ဆံများ ကျရောက်ခဲ့သည်။
ထိုကျည်ဆံများသည် ကမ္ဘောဒီးယား ကျည်ဆံများ ဖြစ်သည်ဟု ထိုင်းဘက်က ပြောဆိုထားပြီး ၎င်းတို့ အနေဖြင့် လာအိုဘက်ကို ကျည်ဆံမကျအောင် အထူးဂရုစိုက် လှုပ်ရှားနေသည်ဟု ပြောသည်။
ဇူလိုင်လ ၂၅ ရက်နေ့ (ယမန်နေ့) က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံက အပြန်အလှန် စွပ်စွဲချက်များ လုပ်ခဲ့ပြီး နှစ်နိုင်ငံလုံးက ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းခြင်းကို လိုလားကြောင်း ပြသခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။
ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရှိသူ Ms. Sasikarn Watthanachan က ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် လူထုနှင့် မီဒီယာ များကို သတင်းအချက်အလက်များ ဖလှယ်ရာတွင် တာဝန်ခံမှု ရှိရှိဖြင့် ဖြန့်ဝေကြရန် တိုက်တွန်းထားသည်။
#ထိုင်း #ကမ္ဘောဒီးယား #တိုက်ခိုက်မှု #ထိုင်းအစိုးရ #နယ်မြေ