အပစ်ရပ် သဘောတူချက် ချိုးဖောက်တယ်လို့ ကမ္ဘောဒီးယားကို ထိုင်း စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။
အပစ်အခတ်ရပ်ရန် သတ်မှတ်ထားသည့် ည ၁၂ နာရီ နောက်ပိုင်းတွင် ကမ္ဘောဒီးယား စစ်တပ်သည်သဘောတူညီချက်ကို ချိုးဖောက်ပြီး ထိုင်းနယ်မြေများကို တိုက်ခိုက်ခဲ့သည်ဟု ထိုင်းစစ်တပ်က စွပ်စွဲ ထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
Chong An Ma, Chong Bok, Prasat Ta Kwai, Phu Makhuea နဲ့ Sam Tae နေရာ ၅ ခုတွင် ထိုင်းနိုင်ငံ အတွင်းကို ကမ္ဘောဒီးယားဘက်က ပစ်ခတ်ခဲ့သည်ဟု ထိုင်း စစ်တပ်က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြ သည်။
ထိုင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suraree က “ဒါဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာ ဖြစ်တယ်၊ အပြန်အလှန်ယုံကြည်မှု စနစ်ကို ပျက်စီးစေတာ ဖြစ်တယ်လို့ ဆိုပြီး လုပ်ဆောင်မှုကို ထိုင်းစစ်တပ်က ရှုတ်ချတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် အညီ မိမိတို့၏ ခုခံကာကွယ်ပိုင်ခွင့်အတွင်းက ပြန်လည်တုန့်ပြန်မှုများ လုပ်ခဲ့သည်ဟု ဗိုလ်ချုပ် Winthai က ပြောသည်။
ယမန်နေ့က ဇူလိုင်လ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် ရှေ့မှောက်တွင် ထိုင်းနဲ့ ကမ္ဘောဒီးယား တို့ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းနဲ့ ချွင်းချက်မရှိ သဘောတူခဲ့ကြသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀နာရီတွင် ထိုင်းနိုင်ငံ ဆူရင်း နယ်စပ်တွင် နှစ်ဘက် ရှေ့တန်းတပ်မှူးများ တွေ့ဆုံရန် ရှိသည်ဟု သတင်းရကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
#Thailand #Cambodia #ထိုင်း #ကမ္ဘောဒီးယား #တွေ့ဆုံ #မလေးရှားနိုင်ငံ