အမေရိကန်-တရုတ် ကုန်သွယ်ခွန်ကိစ္စ ဆွေးနွေးမှု ရလဒ်မထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

စကော့တလန်တွင် လုပ်နေသည့် အမေရိကန် နှင့် တရုတ် ကုန်သွယ်ခွန်ကိစ္စ အသေးစိတ် ဆွေးနွေးပွဲများမှာ ရလဒ် တစ်စုံတစ်ရာ မထုတ်ပြန်နိုင်ဘဲ ပြီးဆုံးသွားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ နှစ်ဘက်စလုံးက “အပြုသဘော” ဆောင်သည်ဟု ပြောဆိုခဲ့ကြသော်လည်း ရလဒ် တိတိကျကျ မထုတ်ပြန်ခဲ့ပေ။

တရုတ်ဘက်က ဆွေးနွေးပွဲ ဦးဆောင်သူ Li Chenggang လီချန်းဂန်က ကုန်သွယ်ခွန်များ ဆိုင်းငံ့ရန် ရက် ၉၀ သတ်မှတ်ချက်ကို ရက်တိုးရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သို့သော် အမေရိကန်ဘက်က ဦးဆောင်သူ Scott Bessent စကော့ဘက်ဆဲန့်ကမူ သမ္မတထရန့် အတည်ပြုရန် လိုသေးသည်ဟု ဆိုသည်။

မေလတွင် အခွန်များကို တိုးမြှင့်သည့် ကိစ္စ ရက် ၉၀ ဆိုင်းငံ့ရန် သဘောတူညီချက်မှာ လာမည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သက်တမ်းကုန်တော့မည် ဖြစ်သည်။

ယခု ဆွေးနွေးပွဲ မတိုင်ခင်လေးက ဖိအားပေးသည့် အနေဖြင့် တရုတ်က မြေရှားသတ္တုများ နိုင်ငံခြား တင်ပို့မှုကို ကန့်သတ်ခဲ့သည်။

ဇွန်လအတွင်း၌ တရုတ်က မြေရှားသတ္တု ၃,၁၈၈ တန်ကို ကမ္ဘာအနှံ့အပြားကို တင်ပို့ခဲ့သည်။ မေလတုန်းကနှင့် နှိုင်းယှဉ်ပါက ၁၅၈ ရာခိုင်နှုန်း မြင့်တက်လာသည်။

ထိုသို့ တင်ပို့မှုထဲက အမေရိကန်ကို ၃၅၃ တန် တင်ပို့ခဲ့သည်။ သို့သော် ယခုနှစ် ပထမ သုံးလက အမေရိကန်ကို တစ်လ ပျမ်းမျှ ၆၂၂ တန်နှင့် နှိုင်းယှဉ်မည်ဆိုပါက တရုတ်က ကန့်သတ်ထားဆဲ ဖြစ်သည်မှာ သိသာနေသည်။

ဓါတ်ပုံ – Reuters