မွန်လူငယ်များ စစ်မှုထမ်းကောက်ယူမည်ကို စိုးရိမ်
သတင်းနဲ့ မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။
မွန်ပြည်၊ သထုံမြို့နယ်တွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် စစ်မှုထမ်းခေါ်ယူမည်ဟု ပြောဆိုနေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
သထုံမြို့နယ်က ပအိုဝ်းလူမျိုးများ အများစု နေထိုင်သော ကျေးရွာများဖြစ်သည့် နောင်ဘို၊ နောင်ကုလား၊ အလံ တစ်ရာ၊ ဇရစ်ချောင်းနှင့် သာယာကုန်းစသည် ကျေးရွာတို့တွင် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များကို စစ်အုပ်စု လက်အောက်ခံအဖွဲ့များက ဇူလိုင်လအကုန်တွင် အိမ်တိုင်ရာ အရောက် ခေါ်ယူမည်ဟု ပြောဆိုလာ သဖြင့် ဒေသခံပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်သည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က “အရင်တုန်းကဆို ဥပမာ ခရိုင်တစ်ခုလုံးမှာ ဆိုလို့ ရှိရင် လမ်းသွားလမ်းလာ လမ်းမကြီး အသုံးပြုတဲ့ လူငယ်တွေကိုပဲ ပစ်မှတ်ထားတာ။ နောက်ခရီးသွားတွေ ပေါ့ နော်။ အခုက အဲ့လိုမဟုတ်တော့ဘဲနဲ့အသေးစိတ် တည်နေရာအလိုက် သူတို့လုပ်ပြီးတော့ ဖမ်းလာတဲ့သဘော ဖြစ်တယ်။ အခုလို သတင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်နေတဲ့ ကလေးတွေရှိလာပြီ” ဟုပြောသည်။
မွန်ပြည်တွင် စစ်မှုထမ်းသင်တန်းသားသစ် စုဆောင်းရာတွင် အသက် ၁၈ နှစ်မှ အသက် ၃၅နှစ်ကြား ကျန်းမာရေး ကောင်းမွန်သူများနှင့် ပိုက်ဆံမပေးနိုင်သည့် မိသားစုများ၏ ကလေးများက အမြဲပါလေ့ရှိသည်ဟုလည်း နိုင်အဲမွန် က ဆိုသည်။
စစ်မှုထမ်း သင်တန်းသားများ ခေါ်ယူရန်အတွက် စစ်အုပ်စု လက်အောက်ခံ အင်အားစုများ ဖြစ်သည့် ပျူစော ထီး၊ ဒေသဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များနှင့် ၎င်းတို့ လေ့ကျင့်သင်ကြားပေးထားသည့် လက်နက်ကိုင် အင်အားစုများက လှုပ်ရှားဆောင်ရွက်နေကြသည် ဟု နိုင်အဲမွန်က ပြောသည်။
၎င်းတို့မှ စစ်မှုထမ်း သင်တန်းအတွက် လာရောက်ခေါ်ယူချိန်တွင် လူငယ်များ နေအိမ်တွင် မရှိပါက မိသားစုဝင် များကို ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု HURFOM က ဆိုသည်။
စစ်အုပ်စု သည် စစ်မှုထမ်းသင်တန်း အတွက် သတ်မှတ်ထားသည့် တပ်သား အရေအတွက် ပြည့်မှီရန်နည်း လမ်း အမျိုးမျိုးဖြင့် ဖမ်းဆီးကာ အင်အားဖြည့်တင်းနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယခုကဲ့သို့ ပြောသည်။
“လိုအပ်တဲ့ အရေအတွက် မပြည်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးထားတဲ့ နည်းလမ်း တစ်မျိုးမျိုးနဲ့ ရွေးချယ် နိုင်ကြောင်း မိသားစုအတွင်း စစ်မှုထမ်းသူ ရှိလင့်ကစား ကျန်အကျုံးဝင်သူတွေလည်း ခေါ်ယူမှာဖြစ်ကြောင်း စစ်မှုထမ်း ပျက်ကွက်ပါက မိသားစုဝင်တွေကို အရေးယူမှာ ဖြစ်ကြောင်း စစ်မှုထမ်းပြီးသူ အပါအဝင် ဘယ်သူ့ ကိုမဆို အရေးပေါ် အခြေအနေ အကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း ပြည်ပ ထွက်ခွင့်တွေကိုလည်း တား မြစ်နိုင်ကြောင်း စစ်သင်တန်းပြီးပါက စစ်ကောင်စီက စေလွှတ်မယ့် ဒေသတွေကို သွားရောက်ရမှာ ဖြစ်ကြောင်း စတဲ့ ဖော်ပြချက်တွေနဲ့ ထင်ရာစိုင်းပြီး နိုင်ငံသားတွေ အပေါ် ရက်စက်တဲ့ နည်းလမ်းနဲ့ အာဏာရှင် လက်ပါးစေ အကြမ်း ဖက်စစ်တပ်ကို အင်အား ဖြည့်တင်းလျက် ရှိပါတယ်။”
မြေပြင်တွင် အလင်းဝင်လာသည့် စုဆောင်းခံ တပ်သားသစ်များ၏ ထွက်ဆိုချက်များအရ စစ်ကောင်စီသည် အဓမ္မ စုဆောင်းခံရသူများအား တိုက်ပွဲအတွင်း ရှေ့ထွက် အသေခံ တပ်သားအဖြစ် အသုံးချလျက် ရှိသကဲ့သို့ မူးယစ်ဆေးဝါးများကို အမိန့်ပေးသုံးစွဲစေပြီး စစ်တိုက်ထွက်ခိုင်းမှုများလည်း ရှိနေသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။
စစ်အုပ်စုက စစ်မှုထမ်းတပ်သားသစ်များ စုဆောင်းရန်အတွက် လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ယူနေသည့်အပေါ် နိုင်အဲမွန်က ယခုကဲ့သို့ ဆက်ပြောသည်။
“စကစ(စစ်ကောင်စီ) ကနေပြီးတော့ သူ့ရန်သူဖြစ်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ပွဲဖြစ်တဲ့အခါ ဒီလူငယ် တွေကို လူသားဒိုင်းသဖွယ် သုံးနေတဲ့ ကိစ္စတွေ၊ အရှေ့ကနေပြီးတော့ အကာအကွယ် ယူနေတဲ့ကိစ္စတွေနော် ဒါ စစ်ရာဇဝတ်မှု ဖြစ်တယ်။ တစ်ဖက်ပြန်ကြည့်မယ်ဆိုရင် တစ်ချို့ဆိုလို့ရှိရင် အသက်မပြည့်တဲ့ ကလေးတွေ ပါတယ် ဆိုတော့ ဒါ ရည်ရွယ်ချက်ရှိရှိ လူငယ်အင်အားတွေကို ပြုန်းတီးအောင် လုပ်နေတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်တယ် ဆိုတော့ ဒါ စစ်ရာဇဝတ်မှု မြောက်တယ်။”
မွန်ပြည်တွင် စစ်အုပ်စုမှ စစ်မှုထမ်းသင်တန်းကို အပတ်စဉ် ၁၅ အထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ရာ ယခုအခါ အပတ် စဉ် (၁၆) စစ်မှုထမ်းသင်တန်းဖွင့်လှစ်နိုင်ရန် အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ဟု စောင့်ကြည့်နေသူ များက ဆိုသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ပြုစုထားသည့် စာရင်းအရ မွန်ပြည်တွင် စစ်မှုထမ်းသင်တန်း အပတ် စဉ် ၁ မှ ၁၅ အထိ စစ်မှုထမ်း ခေါ်ယူခံရသူ ၂,၇၀၀ ဦး ရှိပြီဖြစ်သည်ဟု ပြောသည်။