ခင်ပွန်းသည် အနည်းဆုံး ၁၁ ဦးကို သတ်ဖြတ်ခဲ့သူ (စုန်းကဝေ မုဆိုးမဟု ခေါ်ဆိုခံရသူ) တရားစွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။ 

အီရန်နိုင်ငံက  Kulthum Akbari (ကူလ်သွမ် အက် ဘာရီ) သည် အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်သည်။ 

အဆိုပါ အမျိုးသမီးကို အီရန်ရှိ လူအချို့က Black Widow (စုန်းကဝေ မုဆိုးမ) ဟု ခေါ်ကြသည်။ 

လူပေါင်းများစွာကို နှစ်ပေါင်း ၂၀ ကျော်ကာလ အတွင်းမှာ သတ်ဖြတ်ခဲ့ခြင်းနှင့် ထိုသို့ လူသတ်ရာတွင် အသုံးပြု သော နည်းလမ်းများ အပေါ်မူတည်၍ လူများက အဆိုပါ အမျိုးသမီးကို ယခုကဲ့သို့ အမည်ပေးခြင်း ဖြစ်သည်။ 

Kulthum Akbari သည် နှစ်ပေါင်း ၂၂ နှစ်အတွင်း ခင်ပွန်းသည် အနည်းဆုံး ၁၁ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဆို သည်။ 

Kulthum Akbari သည် ၎င်း၏ ခင်ပွန်းတစ်ဦးကို ၂၀၀၀ ခုနှစ်က စပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဓိက သတ်ဖြတ်ရသည့် အကြောင်းရင်းမှာ ငွေကြေး ရလိုမှု ဖြစ်သည်။ 

ခင်ပွန်းဖြစ်သူများကို သတ်ဖြတ်သည့် နည်းများတွင် အိပ်ဆေးများ၊ ဆီးချို ရောဂါဆေးများ နှင့် စက်မှု လုပ်ငန်း သုံး အရက်များစသော သေစေတတ်သည့် ဆေးဝါးများနှင့် ဓါတုပစ္စည်းများကို သုံးစွဲစေခဲ့သည့် နည်းများ ပါဝင် သည်။ 

ဤအဆိပ်များက အသက်ကြီးသူများတွင် ဖြစ်ပွားတတ်သော နှလုံးရောဂါ နှင့် ဆီးချိုနောက်ဆက်တွဲ ရောဂါ လက္ခဏာများနှင့် ဆင်တူသည့်အတွက် သေဆုံးရသည့် အကြောင်းရင်းများကို လူအများက သံသယ မဖြစ်ဘဲ ရှိခဲ့သည်။ 

အဆိုပါ အမျိုးသမီး၏ အသက်ကြီးကြီး ခင်ပွန်းများသည် သဘာဝ အလျောက် သေဆုံးသွားကြခြင်းသာ ဖြစ်သည်ဟု ပတ်ဝန်းကျင်မှ လူများက ထင်ကြသည့်အတွက် ၎င်းသတ်ဖြတ်မှုများသည် နှစ်ပေါင်း ၂၂ နှစ် တိုင်အောင် ပေါ်ထွက်မလာဘဲ ရှိခဲ့သည်။ 

ခင်ပွန်းတစ်ဦး သေဆုံးသွားပါက ထိုသူ၏ ပိုင်ဆိုင်မှုများအား သမီးဖြစ်သူ အမည်ဖြင့် လွှဲပြောင်းထားရှိခဲ့သည်ဟု ဆိုသည်။ 

သို့သော်လည်း ၂၀၂၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော Kulthum Akbari ၏ နောက်ဆုံး ခင်ပွန်း Gholamreza Babaei (ဂိုလ်လမ်ရီဇာ ဘာဘာအီ) သေဆုံးသည့် အခါတွင်မူ လူအချို့က သံသယ ရှိလာကြပြီး ကွယ်လွန်သူ၏ သားဖြစ်သူက မဆုတ်မနစ် ကြိုးပမ်းခဲ့သောကြောင့် အမှုမှန် ပေါ်ပေါက်ခဲ့တော့သည်။ 

ထိုအခါမှ Kulthum Akbari ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ရာတွင် သူမက ၎င်းလုပ်ခဲ့သော အဖြစ်အပျက် များကို ဖြောင့်ချက်ပေးခဲ့သည်။ 

သူမ သတ်ဖြတ်ခဲ့သည့် ခင်ပွန်းသည်များ များပြားသည့်အတွက် ဘယ်နှစ်ဦးဆိုသည်ကို သူမကိုယ်တိုင်ပင် သေချာမသိတော့ဘဲ ရှိခဲ့သည်ဟု ဆိုသည်။ 

စောင့်ကြည့်သူများက အဆိုပါ အမျိုးသမီးသည် ခင်ပွန်းသည် ၁၅ ဦးခန့်အထိကို သတ်ဖြတ်ခဲ့နိုင်သည်ဟု ခန့်မှန်းကြသည်။ 

သူမသည် အနည်းဆုံး ခင်ပွန်းသည် ၁၁ ဦး ကို သတ်ဖြတ်ခဲ့မှုဖြင့် အီရန် တော်လှန်ရေး တရားရုံးတွင် တရား စွဲခံခဲ့ရသည်။ 

တရားရုံးက Kulthum Akbari (ကူလ်သွမ် အက် ဘာရီ) ဆိုသည့် အမျိုးသမီးကို သေဒဏ် ချမှတ်ဖွယ်ရှိနေသည်။