အမြင့်ပေ ၃ သောင်းကျော်တွင် လေယာဉ် အင်ဂျင် မီးလောင်၍ အရေးပေါ် ဆင်းသက်ခဲ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ခရီးသည် ၂၇၃ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦး လိုက်ပါလာသည့် ဘိုးရင်း 757 လေယာဉ်ကြီးဟာ ဂရိနိုင်ငံ ကော်ဖူး Corfu လေဆိပ်မှ ပျံတက်လာခဲ့သည်။
ဦးတည်သည့် အရပ်မှာ ဂျာမဏီနိုင်ငံ ဒတ်ဆဲလ်ဒေါ့ဖ် Dusseldorf မြို့သို့ ဖြစ်သည်။
အမြင့်ပေ ၃၆,၀၀၀ ၌ ပျံသန်းနေစဉ် ခရီးသည် အချို့က ညာဘက် လေယာဉ်တောင်ပံ အောက်ဖက်မှ မီးရောင် များကို တွေ့လာခဲ့ရသည်။
အမြင့်ပေ သုံးသောင်းကျော်၊ အလုံပိတ် သတ္တု ပြွန်ချောင်းထဲတွင် မီးလောင်နေသည်ကို မြင်လိုက်ရခြင်းသည် ခရီးသည်များကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။
အချို့ ခရီးသည်များက လေယာဉ်ပေါ်တွင် သုံးနိုင်သော ဖုန်းများ၊ အင်တာနက် ဆက်သွယ်ရေးများမှ တဆင့် ချစ်ခင်ရသူများကို နောက်ဆုံး နှုတ်ဆက်စာများ ပေးပို့ခဲ့ကြသည်။
သို့သော်လည်း လေယာဉ်မှူးနှင့် အမှုထမ်းများက လေယာဉ်ကို အရေးပေါ် ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
လေယာဉ်ကို အီတလီ နိုင်ငံသို့ လမ်းကြောင်းပြောင်းပြီး အရေးပေါ် ဆင်းသက်ခဲ့သည်။
ညာဖက် အင်ဂျင် မီးလောင် ကျွမ်းခဲ့ သော်လည်း လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများမှာ ဘိုးရင်း 757 လေယာဉ်ကြီးကို လေဆိပ်သို့ ဘေးကင်းလုံခြုံစွာနှင့် ဆင်းသက်နိုင်ခဲ့သည်။
အရေးပေါ် ဆင်းသက်ခဲ့သည့် ဘရင်ဒီစီ Brindisi မြို့တွင် တည်းခိုရန် အခန်း လုံလုံလောက်လောက် မရှိခဲ့ပေ။ သို့သော် အရေးပေါ် စောင်များ စီစဉ်ပြီး ခရီးသည် အချို့မှာ လေဆိပ်တွင်သာ အိပ်စက်ခဲ့ကြရသည်။
“ဒါဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အတွေ့အကြုံဖြစ်တယ်၊ Good Bye ဆိုတဲ့ စာသားတွေ ပို့ပြီးပါပြီ၊ ဒီတခါတော့ ပြီးသွားပြီလို့ပဲ ထင်ခဲ့မိတယ်” ဟု ခရီးသည်တစ်ယောက်က ဂျာမဏီက ဘင်လ် Bild ဟု ခေါ်သော သတင်းဌာနကို ပြောပြခဲ့သည်။