အင်တာနက် သုံးစွဲသူများအား စောင့်ကြည့်ရန် တရုတ်မှ နည်းပညာ ပံ့ပိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
မြန်မာနိုင်ငံက အင်တာနက် သုံးစွဲသူများ၏ တဦးချင်းလုပ်ဆောင်မှုများနှင့် တည်နေရာကို ရှာဖွေနိုင်သည့် နည်းပညာနဲ့ ပစ္စည်းကိရိယာများကို တရုတ်က ပံ့ပိုးပေးထားသည်ဟု အစီရင်ခံစာ တစ်ခုက ဖော်ပြလိုက်သည်။
တရုတ် အစိုးရနှင့် ပတ်သက်သည့် ကုမ္ပဏီတစ်ခုက စစ်ကော်မရှင်ကို ပံ့ပိုးမှုများ ပေးထားခြင်းဖြစ်သည်ဟု Justice for Myanmar အဖွဲ့၏ “နောက်ယောင်ခံ ပိုးလမ်းမ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
Geedge Network အမည်ရှိ တရုတ်ကုမ္ပဏီက အွန်လိုင်း အသုံး ပြုနေသည့် မြန်မာနိုင်ငံမှ ပြည်သူ ၃၃.၄ သန်း၏ အွန်လိုင်း လုပ်ဆောင်မှုများကို မြင်တွေ့ စောင့်ကြည့်နိုင်သည့် စနစ်များ စစ်အုပ်စုကို တပ်ဆင်ပေးခဲ့သည်ဟု ဆိုသည်။
တပ်ဆင်ပေးထားသော တရုတ်ပြည်၏ နာမည်ကျော် စီးပွားရေး လုပ်ငန်းသုံး Great Firewall စနစ်သည် အချိန်နှင့် တပြေးညီ အင်တာနက် သုံးစွဲသူများ၏ တည်နေရာကိုလည်း သိရှိနိုင်သည်ဟု ဆိုသည်။
Geedge ကုမ္ပဏီသည် စစ်ကော်မရှင်ကို ကိရိယာ ပစ္စည်းများ၊ software များ၊ သင်တန်းများနှင့် အခြား ပံ့ပိုးမှုများ ပေးထားသည်ဟု Justice for Myanmar အဖွဲ့က ထုတ်ဖော်ထားသည်။
မကြာသေးမီက Geedge ကုမ္ပဏီ၏အချက်အလက်များ ပေါက်ကြားခဲ့မှု အပေါ် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များနှင့် လွတ်လပ်သော မီဒီယာ များက ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့ကြရာမှ ယခု အချက်များ သိရခြင်း ဖြစ်သည်ဟု ဆိုသည်။