လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများကြားမှ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများ ကြားမှ စစ်ကိုင်းနှင့် ကချင်အစပ်ဒေသရှိ၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က သိမ်းလိုက်ပြီဟု အမှတ် ၁ စစ်ဒေသက ပြောသည်။

ဗန်းမောက်မြို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၅ ရက်အကြာ စက်တင် ဘာလ ၂၀ ရက်နေ့တွင် သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဗန်းမောက်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းနီတပ်မတော် (SNA) တို့က ပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ SNA တပ်ဖွဲ့ဝင်များက ဗန်းမောက်မြို့ထဲမှ ဆုတ်ခွာသွား သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

ဗန်းမောက်က သူတို့ဘက်က ဆုတ်သွားတယ်။ မြို့ကိုပေးလိုက်တယ်ပေါ့ဗျာ။ စစ်တပ်နဲ့ ရှမ်းနီအဖွဲ့တွေက ဗန်းမောက် အနောက်ဘက်မှာ ရှိနေတုန်းပဲ။ အနောက်ခြမ်းမှာ ရှိတုန်းပဲ။ အဲ့ဒီဒေသ ရွှေနဲ့ သစ် အဓိကလုပ်ကြ တော့ သူတို့က အဲ့ဒီဒေသထဲကနေတော့ လုံးဝထွက်သွားတာမျိုးမဟုတ်ဘူး။ ရှိနေကြတုန်းပဲ ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

ဗန်းမောက်မြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းနီတပ် SNA ပူးပေါင်းအဖွဲ့တို့က လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်က ရွှေချောင်း၊ ပင်းဟင်းခါးနှင့် သာယာကုန်းကျေးရွာတို့တွင် ထိုင်ထားသည်ဟု ဆိုသည်။

အလားတူ ဗန်းမောက်မြို့ မြောက်ဘက်ခြမ်းက မံကုန်းနှင့် အနောက်တောကျေးရွာတွင်လည်း ဆက်ရှိနေသည်သေးဟု အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

မြေပြင် သတင်းအရင်းအမြစ်က အခြေအနေကတော့ ဆက်စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်ဗျ။ သူတို့ရဲ့ လုပ်ငန်းတွေက ရှိနေတော့ မြို့ကိုပဲ လက်လွှတ်လိုက်တာ မြို့ပတ်ပတ်လည်မှာက သူတို့ရှိတုန်းပဲ။ တိုက်ပွဲတွေက ဆက်ပြီး ရှိအုံးမယ့် အနေအထားဆိုတာ အတိအကျပြောလို့ရတယ်။ လွယ်လွယ်နဲ့တော့ ဒီလူတွေက ဗန်းမောက်ဒေသကို လက်လွှတ်မှာ မဟုတ်ဘူးဗျ။ သူတို့စီးပွားရေးရှိတယ်လေဗျာ ဟု ဆက် ပြော သည်။

ဗန်းမောက်မြို့သိမ်း တိုက်ပွဲထဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်လုပ်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းများနှင့်လည်း ဆက်တိုက် ပစ်ကူခဲ့သည်ဟု ဆိုသည်။

အဆိုပါ မြို့သိမ်း တိုက်ပွဲထဲ ရှမ်းနီတပ် SNA က ဗိုလ် ၁ ဦး အပါအဝင် အလောင်း ၇ လောင်းကို ရခဲ့သည်ဟု အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ တော်လှန်ရေး တပ်ဖွဲ့များဘက်ကလည်း ၆ ဦး ကျဆုံးခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။