စက်လှေကား ရပ်သွားသည့် သမ္မတနှင့် လမ်းပိတ်ခံထားရသည့် သမ္မတ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
စက်တင်ဘာ ၂၄ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားရန် အစီအစဉ်ရှိနေခဲ့သည်။
သမ္မတထရန့်သည် သူ၏ ထုံးစံအတိုင်း ဇနီးဖြစ်သူ Melania Trump နှင့်အတူ ညီလာခံ ကျင်းပရာနေရာသို့ ရောက်ရှိလာခဲ့သည်။ သတင်းထောက်များနှင့် ကင်မရာသမားများက သူ့ကို အနီးကပ် ခြံရံထားကြသည်။ ရုပ်သံ ရိုက်ကူးသူများကလည်း ရုပ်သံ ရိုက်ကူးနေကြသည်။ သမ္မတနှင့် သမ္မတကတော်တို့ နှစ်ဦး လမ်းလျောက်လာပြီး အပေါ်ထပ်သို့ တက်ရန် စက်လှေကားဆီသို့ ရောက်ရှိသွားခဲ့သည်။
သမ္မတနဲ့ သမ္မတ ကတော်တို့က ဟိတ်နဲ့ဟန်နဲ့ စက်လှေကားပေါ်ကို ခြေတစ်လှမ်း စနင်းလိုက်ချိန်တွင် လှေကားသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထို့နောက်တော့ သမ္မတက ဟိုဟို ဒီဒီကြည့်လိုက်ပြီး သမ္မတကတော်က ဆက်ပြီး လမ်းလျောက်တက်သွားခဲ့သည်။
အိမ်ဖြူတော်ကတော့ တစ်စုံတစ်ယောက်က စက်လှေကားကို တမင်တကာ ရပ်တန့်လိုက်ခြင်း ဖြစ်ပါက အလုပ်ထုတ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်သွားမည်ဟု ထုတ်ပြန်သည်။
အခြား အဖြစ်အပျက် တစ်ခု လည်း ကုလသမဂ္ဂ ညီလာခံ ကျင်းပရာ နယူးယောက်တွင် ဖြစ်ခဲ့သေးသည်။ ထိုအဖြစ်အပျက်ကတော့ ပြင်သစ်သမ္မတ အီမင်နျူဝယ် မာခရွန် ကြုံတွေ့ရခြင်းဖြစ်သည်။ ယင်း အဖြစ်အပျက်သည်လည်း သမ္မတ ထရန့်နှင့် ပတ်သက်နေသည်။
ပြင်သစ် သမ္မတ မာခရွန်က အထွေထွေ ညီလာခံကြီးတွင် ပူးတွဲ သဘာပတိလုပ်ရန် နယူးယောက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ပြင်သစ်သံရုံးကို သွားသည့် လမ်းတွင် ရဲများက သူလိုက်ပါလာသည့် ကားကို လမ်းပိတ်ထားခဲ့သည်။
အကြောင်းရင်းကတော့ သမ္မတ ထရန့်၏ ယာဉ်တန်းအတွက် လမ်းပိတ်ထားခြင်း ဖြစ်သည်။
လမ်းပိတ်ထားချိန်တွင် သမ္မတ မာခရွန်က နယူးယောက်က ရဲအရာရှိများကို လမ်းဖွင့်ပေးရန် စကားပြောဆိုခဲ့ရသည်ဟု သတင်းများက ဆိုသည်။
ပြင်သစ် သံရုံးသို့ ရောက်ရှိသည့် အခါတွင် သမ္မတ မာခရွန်က ထိုအကြောင်းကို သမ္မတ ထရန့်အား ဖုန်းခေါ်ပြီး ပြောဆိုခဲ့သည်။