မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းတွေကို ဘယ်လို နေရာတွေမှာ တွေ့ရတတ်သလဲ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
ရှေ့က အစီအစဉ်ထဲမှာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်း ဆိုတာဘာလဲ၊ ဘယ်လို ပစ္စည်းမျိုး တွေနဲ့ ဆင်တူတတ်သလဲ ဆိုတာကို အသေးစိတ် တင်ပြထားခဲ့ပါတယ်။
အခုတပတ်မှာတော့ အဲဒီ မြေမြုပ်မိုင်းတွေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ဘယ်နေရာတွေမှာ တွေ့ရ တတ် သလဲ၊ ဘယ်သူတွေအတွက် အန္တရာယ်ရှိသလဲ၊ ဘာတွေ သတိထားသင့်သလဲ စတာတွေကို ပြောပြပေးသွားမှာ ပါ။
မြေမြုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေဟာ တကယ်တော့ နေရာ အနှံ့အပြားမှာ ရှိနေနိုင်ပါတယ်။ ဒါပေမယ့်လည်း ပိုပြီး ရှိနိုင်တဲ့ နေရာတွေကို ပြောပြပေးချင်ပါတယ်။
မြေမြုပ်မိုင်းတွေရဲ့ သဘော သဘာဝက ရန်သူစစ်တပ်က လူ ဒါမှမဟုတ် ယာဉ်ကို ထိခိုက်စေဖို့ အတွက် ထောင်ကြတာ ဖြစ်တဲ့လို့ စစ်ပွဲတွေ ဒါမှမဟုတ် ပဋိပက္ခ ဖြစ်တဲ့ နေရာတွေမှာ အများဆုံး ကျန်ရှိ နေတတ် ပါတယ်။
တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာတွေ ဆိုတဲ့နေရာမှာ တပ်စခန်းဟောင်းတွေ၊ စစ်ရေးအရ အရေးပါခဲ့တဲ့ တောင်ကုန်း တွေ၊ ရေခပ်ဆင်းတဲ့ နေရာတွေ ဖြစ်တဲ့ ချောင်းကမ်းပါးတွေ၊ မသွားမနေ သွားလာရမယ့် ချောင်းကူး တံတားသွားတံ့လမ်း စနေရာတွေမှာ မြေမြုပ်မိုင်းတွေ ကျန်ရှိနေတတ်ပါတယ်။
စစ်သုံးကားတွေ သွားလာတတ်တဲ့ လမ်းတွေ၊ စစ်ကြောင်းတွေ ချီတက်တဲ့ လမ်းကြောင်းတွေ ဖြတ်လမ်းတွေ၊ အပေါ်စီးရယူနိုင်ဖို့အတွက် နေရာယူလေ့ရှိတဲ့ တောင်ကုန်း အနီးတဝိုက်တွေမှာ မြေမြုပ်မိုင်းတွေကို တွေ့ရ တတ်ပါတယ်။
ဆုတ်ခွာခဲ့တဲ့ တပ်စခန်းတွေမှာ ဆိုရင်တော့ နေရာအနှံ့မှာ မိုင်းတွေ ထောင်ထားတတ်ပါတယ်၊
အစားအသောက်တွေ ရှိတဲ့နေရာတွေ၊ အိပ်ယာတွေ၊ အဆောက်အအုံတွေ၊ အိမ်သာသွားတဲ့ လမ်းတွေ ပေါ့လေ ဒီလို မထင်မှတ်ထားတဲ့ နေရာတွေကအစ မိုင်းတွေ ထောင်ထားတတ်ပါတယ်။
အထူးသဖြင့်တော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြို့၊ ရွာတွေရဲ့ ပတ်ဝန်းကျင် နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက အများဆုံး ကျန်ရှိနေနိုင်ပါတယ်။
နောက်ထပ် မိုင်းတွေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှိနိုင်တဲ့ နေရာတွေကတော့ စစ်တပ်တွေ စခန်းချခဲ့တဲ့ နေရာတွေ၊ ကင်းပုန်းဝပ်ခဲ့တဲ့ နေရာတွေ၊ ကတုတ်ကျင်းတွေရဲ့ အနီးတဝိုက်တွေမှာလည်း မိုင်းတွေ၊ ဗုံးတွေ ကျန်ရှိနေတတ်ပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာပဲ ဖြစ်ဖြစ်၊ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာပဲ ဖြစ်ဖြစ် တိုက်ပွဲတွေဟာ စခန်း အထိုင်တွေမှာ ဖြစ်ခဲ့သလို လူနေ မြို့၊ ရွာ ပတ်ဝန်းကျင်တွေမှာလည်း ဖြစ်ပွားခဲ့တာ တွေ့ရတတ်ပါတယ်။
အဲဒီလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာ အနီးပတ်ဝန်းကျင် ကျေးလက်ဒေသက နေရာတွေမှာလည်း မြေမြုပ် မိုင်းတွေ နဲ့ ပေါက်ကွဲတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေ ရှိနေတတ်ပါတယ်။
အန္တရာယ်ရှိတဲ့ နေရာတစ်ခုကတော့ တောင်သူလယ်သမားတွေ လုပ်ကိုင် စားသောက်တဲ့ လယ်ကွင်းတွေ၊ ယာခင်းတွေ၊ ကိုင်းမြေတွေထဲမှာလည်း မိုင်းတွေ မြှုပ်ထားတတ်သလို စစ်ကျန် လက်နက် ပစ္စည်းတွေလည်း ရှိနေနိုင်ပါတယ်။
မိုင်းတွေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက မြေကြီးထဲမှာ ဒါမှမဟုတ် မြေကြီးပေါ်မှာ နှစ်ပေါင်းများစွာ အထိ ရှိနေနိုင်တာမို့ လယ်ထွန်တဲ့အခါ ဒါမှမဟုတ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အခါ အန္တရာယ် အရမ်းကို များ ပါတယ်။
စိုက်ပျိုးရေး မလုပ်တော့တဲ့ လယ်ဟောင်း ယာဟောင်းတွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်။
တောင်သူ လယ်သမားတွေက ကျွဲရှာ၊ နွားရှာ သွားတဲ့ အခါတွေမှာ မိုင်းနင်းမိတာမျိုးတွေ တွေ့ကြုံကြပါတယ်။
ရှမ်းမြောက်လို ဒေသမှာဆိုရင် တောင်ယာသွား၊ လက်ဖက်ခင်းသွား၊ ပြောင်းခင်းသွားချိန်၊ မှိုရှာမျှစ်ချိုး၊ ဟင်းစားရှာတဲ့ အချိန်တွေမှာ မိုင်းနင်းမိတာမျိုးတွေ မကြာခဏ ကြုံကြရပါတယ်။
နောက် အန္တရာယ်များတဲ့ နေရာတွေကတော့ လမ်းဟောင်းတွေ၊ တံတားဟောင်းတွေ ဖြစ်ပါတယ်။
စစ်ပွဲမှာ သုံးခဲ့တဲ့ လမ်းဟောင်းတွေ၊ တံတားတွေရဲ့ အောက်ခြေနဲ့ ဘေးပတ်ဝန်းကျင်တွေမှာ တဖက် လက်နက်ကိုင်တပ်ဖွဲ့တွေ မဖြတ်သန်းနိုင်အောင် မိုင်းထောင်ထားကြလေ့ ရှိပါတယ်။
စစ်ဖြစ်တဲ့ နေရာတွေ စစ်ကြောင်း ဖြတ်သွားတဲ့ နေရာတွေတင် မကပါဘူး၊ စစ်တပ်တွေ အသုံးပြုသွားတဲ့ နေရာတွေမှာလည်း မိုင်းတွေ နဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းတွေ ရှိနိုင်ပါတယ်။
စွန့်ပစ်ထားတဲ့ အိမ်အိုဟောင်းတွေ၊ ခြံအလွတ်တွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ဆေးရုံ အဟောင်းလို နေရာမျိုးတွေမှာ ဆိုရင်လည်း မြေမြုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေ ရှိနေနိုင်ပါတယ်။
စစ်စခန်းတွေ၊ လယ်ယာ ခြံမြေတွေမှာပဲ အန္တရာယ် ရှိတာလား ဆိုတော့ မဟုတ်ပါဘူး။
သဘာဝ သစ်တောတွေ တောင်ကုန်းတွေ ရေတံခွန်တွေ ရေကန်တွေနဲ့ အမှိုက်ပုံတွေ၊ ပစ္စည်းတွေ စွန့်ပစ်ထားတဲ့ နေရာတွေမှာလည်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှိနေနိုင်ပါတယ်။
သစ်တောထူထပ်တဲ့ ဒေသတွေ၊ တောင်တက်လမ်းတွေနဲ့ တောင်ကုန်းပေါ်က စစ်စခန်းဟောင်း တွေမှာလည်း မိုင်းတွေနဲ့ ဗုံးတွေ ရှိနေနိုင်ပါတယ်။
တောထဲ ဟင်းရှာသွားတာ၊ အကောင်ထောင်တာ ငှက်ကိုင်းထောင်တာမျိုးတွေမှာ ဒီလို အန္တရာယ်တွေကို ကြုံတွေ့ ရတတ်ပါတယ်။
စစ်ရေးအရ အရေးပါခဲ့တဲ့ ချောင်းတွေ၊ မြစ်တွေ၊ ရေတံခွန်တွေနဲ့ ရေကန်တွေရဲ့ ကမ်းပါးတွေ ဝင်ထွက်သွားရာ လမ်းတလျောက်တွေမှာလည်း မိုင်းတွေနဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနိုင်ပါတယ်။
နောက်တနေရာကတော့ အမှိုက်ပုံတွေနဲ့ ပစ္စည်းတွေ စွန့်ပစ်တဲ့ နေရာတွေပါ။
သံထည်ပစ္စည်းအဟောင်းတွေ၊ အမှိုက်တွေနဲ့ စွန်ပစ် ပစ္စည်းတွေ စုပုံထားတဲ့နေရာတွေမှာ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေနဲ့ ရောထွေးနေတတ်တာကြောင့် သတိထားသင့်ပါတယ်။
ရှိတတ်တဲ့ နေရာတွေကို အခုလို သိထားခြင်းအားဖြင့်တော့ အဲဒီလိုနေရာတွေကို သွားလာတာမျိုးကို ရှောင်ရှား သင့်ပါတယ်။
မိုင်းနဲ့ စစ်လက်ကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တွေ့ရင်လည်း ဘယ်လို အကြောင်းမျိုးနဲ့မှ မထိတွေ့ သင့်ပါဘူး။ မကိုင်သင့်ပါဘူး။ သွားမကြည့် သင့်ပါဘူး။ ကျောက်ခဲနဲ့ ပေါက်တာမျိုး၊ တုတ်နဲ့ထိုးကြည့်တာမျိုး လုံးဝ လုံးဝကို မလုပ်သင့်ပါဘူး။
သံသယရှိဖွယ် ပစ္စည်းတစ်ခုခုကို တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေဒါမှမဟုတ် မိုင်းရှင်းလင်းရေးအဖွဲ့တွေကိုချက်ချင်းကိုအကြောင်းကြားသင့်ပါတယ်၊။
အရေးကြီးတာကတော့ ကလေးတွေကို မိုင်းအန္တရာယ်အကြောင်းကို သေသေချာချာ ရှင်းပြပြီး အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်ရှားတတ်ဖို့ သင်ကြားပေးသင့်ပါတယ်။