တရုတ် နယ်နမိတ် အနီးကပ်လျက် ဂျပန်က စစ်ရေး လေ့ကျင့်ခန်းကြီး လုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

ဂျပန်ဦးဆောင်သည့် အင်အား ၅၀,၀၀၀ ကျော် ပါဝင်မည့် စစ်ရေး လေ့ကျင့်ခန်း တစ်ခုကို အမေရိကန်၊ ဩစတေးလျတို့နှင့် အတူ အောက်တိုဘာ လ အတွင်း လုပ်သွားရန် ပြင်ဆင်နေသည်။ 

လူအင်အား ၅၂,၃၀၀၊ ယာဉ် ၄ ထောင်ကျော်၊ သင်္ဘော ၆၀ နဲ့ လေယာဉ် ၃၁၀ ပါဝင်မည့် စစ်လေ့ကျင့်ခန်းကို အမေရိကန် အခြေစိုက်စခန်းများ အပါအဝင် ဂျပန် နိုင်ငံ တလျှောက်နှင့် ရေပိုင်နက်၊ လေပိုင်နက်များတွင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

အောက်တိုဘာလ ၂၀ မှ ၃၁ အထိ လုပ်မည့် အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် က လူအင်အား ၅,၉၀၀ ဩစတေးလျ က လူအင်အား  ၂၃၀ ပါဝင် မည် ဖြစ်သည်။ 

စစ်ရေးလေ့ကျင့်မှုသည် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့၏ ပူးပေါင်း စစ်ဆင်ရေးကို လေ့ကျင့်ရန်နှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

စစ်လေ့ကျင့်မှုအတွင်း လေကြောင်းကာကွယ်ရေး၊ ဝေဟင်၊ ကုန်းရေနှစ်သွယ်၊ ကုန်းကြောင်းနှင့် ရေကြောင်းဆိုင်ရာစစ်ဆင်ရေးလေ့ကျင့်ခန်းများ ပါဝင်မည်ဟု ထုတ်ပြန်ထားသည်။ 

ယခု စစ်ဆင်ရေးတွင် ဂျပန်နှင့် အမေရိကန် စစ်စခန်းများသာမက အရပ်ဖက် လေဆိပ်များနှင့် သင်္ဘောဆိပ်များကိုပါ အသုံးပြုသွားမည်ဟုလည်း ဆိုသည်။ 

ဂျပန်နိုင်ငံ၏ ရဟတ်ယာဉ်တင်သင်္ဘောများကို လေယာဉ်တင် သင်္ဘောများအဖြစ် ပြောင်းလဲထားပြီး မကြာသေးခင်ကမှ ရောက်ရှိလာသည့် F-35B ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များ ယခုစစ်လေ့ကျင့်ရေးတွင် ပါဝင် ခြင်းရှိမရှိကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါ။