ထိုင်းတွင် Pink Card လျှောက်လွှာတင်ရန် အောက်တိုဘာ ၁၅ ရက်နေ့တွင် စမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

ထိုင်းနိုင်ငံတွင် စာရွက်စာတမ်း အထောက်အထားများ မရှိသည့် ရွှေ့ပြောင်းလုပ်သားများ အတွက် တရားဝင် အလုပ်လုပ်ခွင့်နှင့် ယာယီနေထိုင်ခွင့်ရရှိမည့် Pink Card (ပန်းရောင်ကတ်/ပန်းရောင်ဘတ်) အသစ်ကို ထုတ်ပေးရန် ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ဤ Pink Card (ပန်းရောင်ဘတ်) အစီအစဉ်သည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများ အတွက် အထူးရည်ရွယ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။

ထိုင်းအစိုးရ၏ ရည်ရွယ်ချက်မှာ လက်ရှိ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေ ကြသော ရွှေ့ပြောင်း အလုပ်သမားများ တရားဝင်ဖြစ်ရေး ဖြစ်သည်။

ခန့်မှန်းခြေ ၅ သိန်းမှ ၇ သိန်းဝန်းကျင် ရှိသော ရွှေ့ပြောင်းလုပ်သားများ အားလုံးကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိစေရန်နှင့် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများကို ကာကွယ်ပေးရန် ဖြစ်သည်ဟု ထိုင်းအစိုးရက ဆိုသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ Pink Card လျှောက်ထားခြင်း လုပ်ငန်းစဉ်ကို အဓိကအားဖြင့် အဆင့် သုံးဆင့် ခွဲခြား လုပ်ဆောင်ရမည် ဖြစ်သည်။

အမည်စာရင်းပေးသွင်းခြင်းနှင့် ယာယီလုပ်ကိုင်ခွင့်၊ ဆေးစစ်ခြင်းနှင့် အာမခံဝယ်ယူခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် ဗီဇာလျှောက်ထားခြင်း စသဖြင့် အဆင့် ၃ ဆင့်ရှိသည်။

ပထမဦးဆုံးအနေဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း လူသစ် အမည်စာရင်း (Name Lists) များကို သက်ဆိုင်ရာဌာနတွင် ပေးသွင်းရမည်။ 

အမည်စာရင်းသွင်းပြီးသည်နှင့် ၎င်းလုပ်သားများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ယာယီအလုပ်လုပ်ခွင့်ကို ရရှိသွားမည်ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကာလအတွင်းတွင် ရွှေ့ပြောင်း အလုပ်သမားများက ဆေးစစ်ခြင်း၊ ကျန်းမာရေးအာမခံ ဝယ်ယူခြင်း နှင့် Work Permit (အလုပ်လုပ်ခွင့် လက်မှတ်) အတွက် လိုအပ်သော ငွေကြေးများကို သွင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်။

အထက်ပါ ပထမနှင့် ဒုတိယအဆင့် လုပ်ငန်းစဉ်အားလုံး ပြီးစီးသွားပါက နောက်ဆုံးအဆင့် အနေဖြင့် ထိုင်းနိုင်ငံ ၏ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးများတွင် လက်ဗွေနှိပ်ခြင်း နှင့် ဗီဇာ (Visa) လျှောက်ထားခြင်း တို့ကို ဆက်လက် ဆောင်ရွက်ရမှာဖြစ်သည်။

ဤလုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက ရွှေ့ပြောင်းလုပ်သားများသည် တစ်နှစ်သက်တမ်း (၂၀၂၆ ခုနှစ်၊ အောက်တို ဘာလ ၁၄ ရက်နေ့အထိ) တရားဝင် အလုပ်လုပ်ခွင့်ကို ရရှိမှာဖြစ်သည်။