ရွှေဘိုမြို့တွင် လက်နက်ကြီးကျည်ကျရောက်၍ ကိုရင် ၄ ပါး ပျံလွန်၊ ဘုန်းကြီး ၇ ပါး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကိုရင်ငယ် ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီး ၇ ပါး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့တောင်ဘက် ၁ မိုင်ခန့်အကွာ၌ စစ်ကော်မရှင် တပ် နှင့် ဒေသကာကွယ်ရေးအဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျည်သည် သမိုင်းဝင် အောင်မြေ ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ပျံလွန်တော်မူခဲ့သော ကိုရင်ငယ်များမှာမှာ ရှင်ဉာဏိက၊ ရှင်ဥတ္တမ၊ ရှင်ဝိမလ တို့အပါအဝင် လေးပါးလုံးမှာ အသက် ၁၄ နှစ် ဝန်းကျင်များ ဖြစ်ကြသည်။
ထို့အပြင် ကျောင်းတိုက်အတွင်းရှိ ဘုန်းကြီး ၇ ပါးမှာလည်း ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
ရွှေဘိုမြို့အဝင်မုဒ်ဦးမှတစ်ဆင့် ခတဂဏန်းရွာသို့ ဝင်ရောက်လာသော စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ရွှေဘိုမြို့ ကညနတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ရွှေဘို-မန္တလေး လမ်းပိုင်ကို ယာယီအသုံးမပြုရန် ရွှေဘိုမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။