ကလေး-တမူးလမ်းမတွင် စစ်ကြောင်းနှစ်ကြောင်း ညှပ်ထိုး၊ ဒေသခံ ၁ သောင်းကျော် ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် တမူးမြို့နယ်ကြားရှိ မြန်မာ – အိန္ဒိယ နယ်စပ်ကို ဆက်သွယ်ထားသော အာရှလမ်းမကြီးပေါ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရသည်။
စစ်ကောင်စီတပ်က အဆိုပါလမ်းမကြီးပေါ်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ညှပ်ပိတ်ထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ကျေးရွာပေါင်း ၅၀ ကျော်မှ ပြည်သူ တစ်သောင်းကျော် သည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိ ကြောင်း သိရသည်။
ကလေးမြို့ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း သည် အင်အားအလုံးအရင်းဖြင့် အာရှလမ်းမကြီးပေါ်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။
အောက်တိုဘာ ၂၂ ရက်နေ့တွင် ကလေးဘက်မှ စစ်ကြောင်းသည် စော်ဘွားရေရှင်ကျေးရွာအနီး၊ တမူးဘက်မှ စစ်ကြောင်းက နန်းမွန်းတားကျေးရွာအနီး တွင် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကြောင်း နှစ်ခုမှာ ညှပ်ပိတ်ထိုးသည့် အနေအထား ဖြစ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်သည်။
ဤထိုးစစ်ကြောင့် ကလေးမြို့နယ်မြောက်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းအချို့ကိုလည်း ယာယီ လက်လွှတ်ခဲ့ရသည်။
စစ်ကြောင်းထိုးမှုများကြောင့် ကလေး – တမူး လမ်းမကြီးတစ်လျှောက်နှင့် မြောက်ပိုင်းဒေသတစ်လျှောက်မှ ရွာပေါင်း ၅၀ ကျော်က ပြည်သူများသည် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ဦးရေ မှာ တစ်သောင်းကျော် ခန့် ရှိနေသည်။
စစ်ရှောင်အများစုမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးလာကြရသဖြင့် အစားအသောက်၊ ဆန်၊ မိုးကာ၊ အိုးခွက်ပန်းကန် စသည့် အခြေခံပစ္စည်းများ လုံးဝမပါလာသည့် မိသားစုများ အများအပြား ရှိနေသည်။
စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းဖြစ်သူများ ပါဝင်နေ သောကြောင့် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေသည်။
စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုများအတွင်း ကလေး – တမူး လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်နေ့များ၌ အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည် ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသခံများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်များ မီးရှို့ခံရခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်း တို့နှင့် ကြုံတွေ့ခဲ့ရပြီး ယခုအခါ စစ်ကြောင်းများကြောင့် ဘေးလွတ်ရာ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။