ရှမ်းပြည်အရှေ့ပိုင်းတွင် တရုတ်ကုမ္ပဏီ သတ္တုတူးဖော်မှုကြောင့် မြစ်ရေ အဆိပ်သင့်၊ SHRF သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုက မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို အကြီးအကျယ် ချဲ့ထွင်လုပ်ဆောင်နေခြင်းသည် ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက် စေနိုင်သည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က သတိပေးချက် ထုတ်ပြန်လိုက်သည်။

တူးဖော်မှုများမှာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယောင်းဒေသ၌ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၈ ရက်နေ့ထုတ် SHRF ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် China Investment Mining Company သည် အဆိုပါဒေသတွင် မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကို သိသာစွာ ချဲ့ထွင်လာနေကြောင်း ဂြိုဟ်တုဓာတ်ပုံ အသစ်များ အရ တွေ့ရှိရသည်ဟု SHRF က ဆိုသည်။

မိုင်းယောင်းဒေသသည် လက်ရှိတွင် ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကော်မရှင် တပ်တို့ ပူးတွဲ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။ 

ထို့ကြောင့် ယခုကဲ့သို့ ကြီးမားသည့် တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နှစ်ဖက်စလုံး၏ ခွင့်ပြုချက် လိုအပ်ကြောင်း SHRF က ထောက်ပြသည်။

အလားတူ မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများမှ အဆိပ်သင့်နိုင်သည့် စွန့်ပစ်ပစ္စည်းများသည် နမ့်ခုတ်မြစ်ထဲသို့ တိုက်ရိုက် စီးဝင်နေခြင်းက ဒေသခံများအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေသည်။ 

မြေရှားသတ္တု တူးဖော်မှုတွင် မြေအောက်ကို ဓာတုပစ္စည်းများ ဖိသွင်းသည့် နည်းလမ်းကို အသုံးပြုသောကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု အလွန်ပြင်းထန်စေနိုင်သည်ဟု SHRF က ဆိုသည်။

တူးဖော်တဲ့ စွန့်ပစ်ရေတွေက မြစ်ထဲကို တိုက်ရိုက် စီးဝင်နေတာကို မျက်မြင်တွေ့နေရတယ်။ ဒီရေကို သောက် သုံးရင် ဒါမှမဟုတ် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သုံးရင် ကျနော်တို့ ဒေသခံအားလုံး ဘေးအန္တရာယ် ကြီးမားစွာ ရင်ဆိုင်ရတော့မှာပါ” ဟု မိုင်းယောင်းဒေသခံ တစ်ဦးက ၎င်းတို့၏ စိုးရိမ်မှုကို ပြောပြသည်။

ထိုင်းအာဏာပိုင်များကလည်း နမ့်ခုတ်မြစ်ရေကို စစ်ဆေးရာတွင် အာဆင်းနစ်နှင့် ခဲဓာတ် ပမာဏသည် သတ် မှတ် ဘေးအန္တရာယ်အဆင့်ထက် အကြိမ်ကြိမ် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ရသည်။ 

ဤအဆိပ်သင့် စွန့်ပစ်ပစ္စည်းများသည် မြစ်အောက်ပိုင်းရှိ ထိုင်း – မြန်မာ နယ်စပ်တစ်လျှောက် ဒေသခံများကိုပါ ထိခိုက်စေနိုင်၍ နိုင်ငံဖြတ်ကျော် စိုးရိမ်မှုများ ကြီးထွားနေသည်။