ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရုံးကို ဖောက်ခွဲ ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးအား ဖောက်ခွဲတိုက်ခိုက် လိုက်ခြင်းဖြင့် သံမဏိ လိပ်ပြာတပ်ဖွဲ့က စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ (USDP) ရုံးတွင် နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်က အင်အား ပြင်း ထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ရာ ရုံးတစ်ခုလုံးမီးလောင်ကာ လုံးဝပျက်စီးသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။
ပေါက်ကွဲမှုသည် လောင်းလုံးမြို့မ ရဲစခန်းနှင့် မီတာ ၆၀၀ ကျော်သာ ကွာဝေးသော နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
ယခုတိုက်ခိုက်မှုကြောင့် လူအထိအခိုက်မရှိခဲ့သော်လည်း ပါတီရုံးအတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်ပြာကျ ခဲ့သည်ဟု မြို့ခံများက ပြောသည်။
လောင်းလုံးမြို့ (က) ရပ်ကွက်မှ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ဝုန်း ဆိုတဲ့ အသံက အကျယ်ကြီး ပဲ ကြားရတယ်၊ ပြီးတာနဲ့ မီးခိုးလုံးကြီးထွက်လာတယ်၊ ဒီနေ့ (နိုဝင်ဘာ ၉ ရက်) မနက်ပိုင်းအချိန်ထိ မီးလောင် နေတုန်းပဲ၊ ရုံးထဲက ပစ္စည်းတွေ ဘာမှမကျန်တော့ဘူး၊ အကုန်လုံး ပြာဖြစ်သွားပြီ” ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တစ်နာရီခန့်ကြာသည် အထိ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ ပေါက်ကွဲမှုဖြစ်ပွားရာသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း ၎င်းမြို့ခံက ဆိုသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ နိုဝင်ဘာလ ၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကော်မရှင်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သည့်အနေ ဖြင့် ဗုံးဖောက်ခွဲမှုအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်၏ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြရန် တိုက်တွန်းထားပြီး၊ ရွေးကောက်ပွဲကို နေရာဒေသမရွေး ဆန့်ကျင်တိုက်ခိုက်သွားမည်ဟုလည်း ပြတ်သားစွာ ရေးသားထားသည်။
စစ်ကော်မရှင်တပ်၏ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင် ၍ အပိုင်းလိုက် ကျင်းပသွားမည်ဟု ကြေညာထားသည်။
ထားဝယ်ခရိုင်အတွင်း၌ ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်မှ ရှင်မုတ္ထီး၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် လုံခြုံရေး တင်းကျပ်စွာဖြင့် နေအိမ်လိုက် လူဦးရေစာရင်းနှင့် ဓာတ်ပုံများ လိုက်လံကောက်ယူခြင်းများလည်း ရှိနေသည်။